" CEO "
" အင်း "
တစ်ပတ်လောက် အလုပ်ထဲပဲ စိတ်နှစ်ထားတဲ့ သူမရဲ့ ဘော့စ်ကို သူမကိုယ်တိုင်လည်း စိတ်ပူနေရပါပြီ ။ အိပ်ချိန်ဆိုတာ မရှိလောက်အောင်ကို laptop ရှေ့ ထိုင်လိုက် စာရွက်တွေ ကြည့်လိုက်နဲ့ပဲ အချိန်ကုန်နေတာက ဂျန်နီရူဘီဂျိန်းနဲ့ တူပေမယ့် ဂျန်နီရူဘီဂျိန်း မဟုတ်သလိုလည်း ခံစားနေရသည် ။ ပြဿနာကြီးကြီးမားမား တက်ထားကြပုံလည်း ပေါ်သည် ။ သို့ပေမယ့် မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိ ။
" ဘာပြောမလို့လဲ အတွင်းရေးမှူးဂန် "
" မမလေးက ပါဆယ်တစ်ခုပို့လိုက်လို့ပါ "
လက်ထဲရောက်နေသော စာအိတ်ကို စားပွဲပေါ်တင်ပေးလိုက်တော့ မျက်ခုံးတွေ ပင့်တက်သွားတာကို မြင်လိုက်ရသည် ။ မိတ်ကပ်မပါတာတောင် လှနိုင်တဲ့ လူတစ်ယောက်ကို နေ့တိုင်းလိုလို တွေ့နေနိုင်တာဟာ ကံကောင်းမှုတစ်ခုဖြစ်နေလောက်သည် ။
မကြာခင်မှာပဲ စာအိတ်အညိုလေးက အစိတ်စိတ်အမွှာမွှာဖြစ်သွားရသည် ။
" သူ့ကို ပြန်ပို့ပေးလိုက် "
" ရှင် "
လက်ထဲရောက်လာတဲ့ စာရွက်အပိုင်းအစတွေကို ကြည့်မိတော့ ကွာရှင်းစာချုပ်ဖြစ်နေမှန်း သိလိုက်ရသည် ။ ဝင်မပါသင့်သော ကိစ္စတစ်ခု ဖြစ်နေတာမို့ ခပ်ဆိတ်ဆိတ်သာ နေလိုက်ရတော့သည် ။ သည်အိမ်ထောင်ရေးဟာ အစကတည်းက ခိုင်မြဲမှုမရှိခဲ့တာကို သိနေပြီသား မဟုတ်ပါလား ။
-
" ကင်မ် "
ကင်မ်ဟာ သိပ်ကို လှသည် ။ ထို့နည်းတူ ကျွန်မအပေါ်လည်း သိပ်ကို ရက်စက်နိုင်သည် ။ နှုတ်ခမ်းနီအနည်းငယ်သာ တင်ထားသော နှုတ်ခမ်းလှလှလေးများ ဖွင့်ဟလာလျှင် ကျွန်မ ရင်ကို ခွဲမည့် စကားလုံးများသာ ထွက်ကျလာလိမ့်မည် ။
" ကောင်းပြီ ကင့်မ် သဘောအတိုင်း ကွာရှင်းကြမယ် "
ကင်မ့်ရဲ့ မျက်ဝန်းများဟာ မယုံနိုင်သလို ကျွန်မကို ပြန်ကြည့်လာသည် ။ အတ္တသိပ်ကြီးတဲ့ မိန်းမလို့သတ်မှတ်ထားသည် မဟုတ်လား ။