" movie premier ရှိတယ်ဆို "
အိမ်ကိုရောက်တော့ ဧည့်ခန်းမှာ သူ့ရဲ့ ဇာတ်ညွှန်းစာရွက်တွေကို ဖတ်နေတဲ့တဲ့ ဂျီဆူးကို မြင်လိုက်ရတယ် ။ မျက်မှောင်တွေကို ကျုံ့ထားရင်းနဲ့ ကျွန်မရဲ့ မေးခွန်းကို ခေါင်းငြိမ့်ပြတယ် ။
" ဘာလို့ မခေါ်တာလဲ "
" မိသားစုဝင် မဖြစ်မနေလိုက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိလို့ "
ဒီစကားတွေကို ကျွန်မကို မော့တောင်မကြည့်ဘဲ ပြန်ဖြေလာခြင်းပါ ။ နည်းနည်းတော့ ကသိကအောက်ဖြစ်ချင်စရာကောင်းတယ် ။ အဲ့ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်သွားဖို့အတွက် ပံ့ပိုးပေးရတာ ကျွန်မပဲဟာကို ။
" ပြီးတော့ မင်းကိုလည်း နေရမခက်စေချင်လို့ "
" ကျွန်မက ဘာကိစ္စနဲ့ နေရခက်ရမှာ "
ကျွန်မဆိုတဲ့ မိန်းမကလည်း ဘယ်သူ့ကိုမှသာ စိတ်ရှည်လက်ရှည်မရှိခဲ့တာ သူ့ရဲ့ အီလေးစွဲနေတဲ့ စကားတစ်ခွန်းချင်းစီကိုတော့ ပြီးမြောက်အောင်နားထောင်ချင်လို့ ဧည့်ခန်းရှေ့မှာ မတ်တပ်ရပ်နေမိသေးတာ ။
" co-actor က မင်းရဲ့ ရည်းစားဟောင်းလေ ၊ ကင်မ်ဂျွန်အင် "
" ရည်းစားဟောင်းမဟုတ်ဘူးလို့ ! "
" ရည်းစားဟောင်း မဟုတ်တော့ အခုထိ တွဲနေသေးလို့လား "
" ကင်မ်ဂျီဆူး !! "
စိတ်ထဲ ရှိတဲ့အတိုင်းသာဆို လက်ထဲက ပိုက်ဆံအိတ်နဲ့ဖြစ်ဖြစ် ကောက်ပေါက်ပြီးနေပြီ ။
" ဂျွန်အင်နဲ့က ဒီတိုင်းသူငယ်ချင်းတွေ ၊ မီဒီယာတွေကသာ ချဲ့ကားပြီးရေးကြတာ "
နေပါဦး ၊ ဒါတွေ ရှင်းပြနေစရာမှမလိုတာ ။ မာနထိခိုက်အောင် ။
" ဪ "
ဪ တစ်ခွန်းပဲ ပြောပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေတဲ့ ဂျီဆူးကို ဆက်ကြည့်နေတာရင် ကျွန်မပဲ တနုံ့နုံ့နဲ့ ဒေါသထွက်နေရဦးမှာ ။
အခန်းထဲပဲ ဝင်လာပြီး အိတ်ထဲက ဖိတ်စာကို ထုတ်ကြည့်မိတယ် ။ သူက မပြောပေမယ့် ဇာတ်ကားရဲ့ ပရိုဂျူဆာကတော့ တစ်ကားလုံးအတွက် စပွန်ဆာပေးထားတဲ့ ကျွန်မကို တလေးတစားနဲ့ လာဖိတ်ပါသေးတယ် ။ အစက လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး လွှတ်ထားပေးမလို့ပေမယ့် မဖြစ်တော့ဘူးပဲ ။