တစ်ညလုံး ကင့်မ်ရဲ့ ပြဿနာတွေ ဖြေရှင်းနေရလို့ မအိပ်ရသေးပေမယ့် ခဏနေ ကင်မ်နိုးလာရင် ခေါင်းကိုက်နေမှာစိုးလို့ အမူးပြေဟင်းရည် ချက်ပေးရသေးတယ် ။ ကျွန်မ ခန့်မှန်းထားတဲ့အတိုင်း ဟင်းရည်ကျက်လောက်မယ့်အချိန်မှာ ကင်မ်က နားထင်ကို လက်နဲ့ဖိရင်း ထမင်းစားပွဲပေါ်ရောက်လာတယ် ။
" ရိုက်ကူးရေးရှိလား ကင်မ် "
" ငါ မသိခဲ့ဘူး ဂျိန်း "
" ဟင် ဘာကိုလဲ "
ဟင်းရည်ကို ပန်းကန်ထဲ ထည့်ပေးနေရင်း သူ့စကားကို ပြန်မေးလိုက်မိတယ် ။
" အစ်ကိုဟယ်အင်းက အဲဒီ့ကုမ္ပဏီကို ရောက်နေမှန်း မသိလိုက်ဘူး ၊ သူက အရင်က ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်မချုပ်ဖူးတော့ အခုလည်း အဲ့အတိုင်းပဲ ရှိနေမယ်ထင်တာ "
ကင့်မ်ရဲ့ ဝေခွဲရခက်နေတဲ့ မျက်နှာထားကြောင့် ပြုံးလိုက်မိတယ် ။ သူတကယ်မသိတာပဲ ။
" ထားလိုက်ပါ ၊ အခု ကျွန်မ ဖြေရှင်းထားတယ် ။ ထမင်းစားပြီးရင် ဆေးသောက်ဖို့ လုပ်ပေးမယ် ။ အလုပ်မရှိဘူးဆိုရင် အိမ်မှာပဲ ခဏနားလိုက်နော် "
" ငါ .... "
" ကဲပါ ဘာမှ မပြောနဲ့တော့ ၊ အခု ထမင်းပဲ အရင်စား "
ပြန်ပြီး အလုယူခံရမလားလို့ ကြောက်နေတာက လွဲရင် တခြား ဘာခံစားချက်မှ မရှိဘူး ။ သေချာပေါက် ကျွန်မက သူ့ကို လုယူထားတာ ။ ဒါပေမယ့် အခုတော့ ကျွန်မပဲ ကြောက်နေရတယ် ။ အဓိပ္ပာယ်မရှိလိုက်တာနော် ။
-
" CEO ... "
ခေါ်ပြီး ဘာမှမပြောတဲ့ အတွင်းရေးမှူးကြောင့် မော့ကြည့်မိတော့ Tablet ကို လက်ထဲ ကိုင်ထားပြီး ပြောရခက်နေတဲ့ အမူအယာကိုတွေ့လိုက်ရတယ် ။
" ဘာလဲလို့ "
" မမလေးရဲ့ ကြော်ညာအသစ်အတွက် ရိုက်ကူးထားတာ ထွက်လာပါပြီ "
" ဟုတ်လား ၊ ပြပါဦး "
ကင့်မ်ရဲ့ အလုပ်တွေကို ဝင်မစွပ်ဖက်ပေမယ့် သူ့ခြေလှမ်းတွေမှာတော့ ကျွန်မရှိနေသင့်တာပေါ့ ။ အတွင်းရေးမှူးဂန်ရဲ့ လက်ထဲက Tablet က ကျွန်မရဲ့ လက်ထဲကို တော်တော်နဲ့ ရောက်မလာလို့ စိတ်မရှည်တော့ဘဲ ဆွဲယူလိုက်မိတယ် ။