"အဖိုး"
အလုပ်စားပွဲခုံတွင် ထိုင်နေသော အသက် ၇၀အရွယ် အဘိုးသည် မတ်တပ်ရပ်လိုက်ပြီးနောက် အလုပ်စားပွဲရှေ့ရှိ ဧည့်ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"ရလာလား.."
"ရတော့ ရလာပါတယ်"
သူသည် mask ကို ဆွဲချွတ်လိုက်ပြီးနောက် ဦးထုပ်ကို ဆွဲချွတ်လိုက်၏။ ဦးထုပ်ကို ဆွဲချွတ်လိုက်၍ ပေါ်လာသော သူ၏ dark grey ဆံပင်တို့က ပွယောင်းယောင်း။ သူ၏ မျက်ဆန်အရောင်သည်လည်း ဆံပင်အရောင်နှင့်နည်းတူ Dark grey အရောင် ဖြစ်သည်။
သူသည် အဘိုး၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ အိပ်ကပ်ထဲရှိ စာအုပ်တစ်ပိုင်းအား ထုတ်ပေးလိုက်သည်။
"သွားယူတဲ့ နေရာမှာ တစ်ခြမ်း အလုခံလိုက်ရတယ်"
"ဘာ!"
အဘိုးက စာအုပ်တစ်ခြမ်းကို ယူကြည့်ကာ အလိုမကျဖြစ်သွားသည်။
"ကျွန်တော်လည်း မတတ်နိုင်ဘူး။ ရအောင်တော့ ယူလာပေးတယ်နော်၊ ကတိတည်ပါ"
"မင်း!"
အဘိုးသည် မျက်မှောင်ကုတ်ကာ သူ့ကို လက်ညှိုးတထိုးထိုးဖြင့် ဒေါသထွက်နေသယောင်။ သူသည် ဆိုဖာကျောမှီကို အားလျော့စွာ ပျင်းတွဲတွဲ မှီလိုက်ပြီး လေပူတွေအား မှုတ်ထုတ်လိုက်သည်။
"အဖိုး ကတိအတိုင်း ကျွန်တော့်ကို အိမ်ထောင်ချပေးဖို့ အစီအစဉ်ကို ဖျက်ပါ"
"ဘာကွ! ငါ မင်းကို စာအုပ်တစ်အုပ်လုံးရအောင် ယူခိုင်းတာလေ။ အခု မင်းယူလာတာ တစ်ဝက်ထဲ ငါက ဘာလုပ်ရမှာလဲ"
ကလိန်ကကျစ် ကျလာပြီဖြစ်တဲ့ အဘိုးကြောင့် သူ မခံမရပ်နိုင် ဖြစ်သွားသည်။
"မရဘူး အဖိုး၊ လူကြီးစကားတည်ပါ"
"ဟေ့ကောင်၊ ငါယူခိုင်းတာ တစ်အုပ်လုံး မင်းရလာတာက တစ်ဝက်ထဲ၊ အဲ့ဒီတော့ ငါတို့အပေးအယူ မအောင်မြင်ဘူး။ မင်းလက်ထပ်ရမယ်!"
"အဖိုး အဲ့လို မညစ်ပတ်နဲ့"
"မရဘူး၊ မင်းလက်ထပ်ရမယ်။ အဲ့ဒါ မင်းတာဝန်မကျေပွန်လို့"
"အဖိုး ယုတ်မာတာပဲ!"
အဘိုးသည် အဲ့တော့ဘာဖြစ်လဲဆိုသည့် အကြည့်တွေဖြင့် မျက်နှာပြောင် တိုက်ကာ ကြည့်ရင်း ခပ်ထေ့ထေ့ရယ်သည်။