မထင်မှတ်ထားသော စကားကြောင့် ချည်ရဲ့တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ အားလုံးကလည်း ချည်ကို ဝိုင်းကြည့်ကာ အံ့ဩနေကြ၏။ သူတို့အံ့ဩတာလည်း မပြောနဲ့လေ၊ ချည်ကို ဘယ်Alpha ကမှ မလိုချင်တာကို အခု Alpha တစ်ယောက်က တင်တောင်းချင်ပါတယ်ဆိုတော့ သူတို့မပြောနဲ့ ချည်တောင် နောက်နေတယ်လို့ ထင်မိပါသေးသည်။
သို့သော်လည်း တင်တောင်းတယ်ဟု ပြောသည့်လူက အတည်ပေါက် ပြောနေတဲ့ရုပ်ကြီး။
"နက်ရှိုင်း..."
အဘိုးက လွန်ကို ခပ်ကြိတ်ကြိတ်ခေါ်ကာ မျက်လုံးပြူးပြ၏။ လွန်မသိချင်ယောင်ဆောင်လိုက်ကာ ဧည့်ခန်းထောင့်မှာ ထိုင်နေသော ချည်ထံသွား၍...
"ကိုယ်တို့ စကားပြောကြမလား"
ချည်လည်း သူနဲ့ စကားပြောဖို့ရန် လိုအပ်နေပြီ ဖြစ်တာကြောင့် ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။ ထို့နောက်သူတို့ ခြံထဲရှိ ပန်းဥယျာဉ်တစ်ခုအနားသို့ ထွက်လာခဲ့ပြီး ချည်က စကားစလိုက်သည်။
"ကျွန်တော့်လိုလူမျိုးကို တင်တောင်းမယ်ပေါ့။ လာနောက်နေတာလား.."
လွန်၏ နှုတ်ခမ်းပါးမှာ ကွေးညွှတ်သွားပြီး ဥယျာဉ်ထဲရှိ သစ်သားစားပွဲပေါ်သို့ တင်ပါးစောင်းမှီ၍ ထိုင်လိုက်သည်။ ခြေတံရှည်ကြီးတွေကလည်း မမြင်ချင်မှ အဆုံး။
" ထူးဆန်းတယ်လေ"
" ထူးဆန်းတယ်!"
" စိတ်ဝင်စားဖို့ကောင်းလို့လေ"
" အဲ့တာနဲ့ လက်ထပ်ချင်တယ်ပေါ့။ ဒါဆိုရင်တော့ လက်လျော့လိုက်ပါ။ ကျွန်တော့် သတင်းတွေ မကြားဘူးလား"
"ကြားတယ်လေ"
ချည် အသဲပေါက်လာပြီ။ သူ့သတင်းတွေ အကုန်သိတာတောင် ဒီလူက ဘာမှမဖြစ်ဘူးဆိုတာက မဖြစ်သင့်ဘူးမလား။
"ကျွန်တော်က Alpha အများကြီးနဲ့ရှုပ်ထားတာနော်"
"အဲ့တာတော့ မကြားမိပေမယ့် ကိစ္စမရှိပါဘူး၊ ကိုယ်က အတွေ့အကြုံရှိတဲ့လူကို ပိုသဘောကျတယ်"
ချည်သည် သူ့ရှေ့မှ Alpha ၏ အကြောတင်းပုံကို ကြည့်ပြီး လက်ဖျားခါသွားသည်။ ဘယ်လိုလုပ်မှ လက်လျော့သွားမှာလဲ။ ကလေးတစ်ယောက်ရှိခဲ့တယ်လို့ ပြောလိုက်ရမလား။ တိတ်တိတ်ပုန်း ယောင်္ကျားရှိတယ်လို့ ပြောရမလား။