Unicode
ကားအကောင်းစားကြီးကို စီးကာ ရောက်လာသည့်နေရာကတော့ ရှေးနေတဲ့ တိုက်ခန်းကျဥ်းလေးဆီကိုသာ။ထိုလူက သူနေသည့်အိမ်ကို လိုက်ခဲ့ဖို့ ပြောသော်ငြား ကိုယ်က ဘယ်လိုစိတ်နဲ့ လိုက်ရဲပါ့မလဲ။သူစိမ်းအိမ်ထက်စာရင် ကိုယ်နေတဲ့အိမ်ကသာ နည်းနည်း လုံခြုံဦးမည်လေ။
"ဒီမှာထိုင်လိုက် ခါးပိုက်နှိုက်"
"အစ္စဏီ!"
ရှေးမှာ သူထိုင်ရအဆင်ပြေစေရန် ဧည့်ခန်းထဲက ဆိုဖာကို ညွှန်ပြသော်လည်း ထွက်လာတဲ့ အမည်နာမတစ်ခုကြောင့် နည်းနည်းတော့ ကြောင်သွားသည်။သူဘယ်လိုများ ခေါ်လိုက်မိလို့ပါလိမ့်။
"ဟုတ်ပြီ...ဟုတ်ပြီ မင်းက ငါ့လူနာဆိုတော့ နာမည်သိထားသင့်ထားပေါ့ အစ္စဏီ...ဟုတ်လား"
ရှေးရဲ့ အမေးကို ထိုလူက ခေါင်းညိမ့်ပြသည်။ရှေးကပါ ခေါင်းတစ်ချက်ငြိမ့်လိုက်ရင်း စာအုပ်စင်ဘေးက မိမိရဲ့ ဆေးသတ္တာကို သွားယူလိုက်သည်။
"ဒေါက်တာ...ရှေးသုပန်"
ရုတ်တရက် မိမိနာမည်ကို ကြားလိုက်ရတာကြောင့် ဆေးသေတ္တာကို လှမ်းယူနေတဲ့ ရှေးရဲ့ လက်တွေ တွန့်ခနဲ။မယုံသင်္ကာနှင့် အနောက်ကို လှည့်ကြည့်မိတော့ ထိုလူနာက စားပွဲပေါ်က ရှေးရဲ့ ရင်ထိုးကို ကိုင်ကြည့်နေခြင်းသာ။ပစ်စလက်ထားမိတာ ရှေးရဲ့အမှား။အခုဆို ခါးပိုက်နှိုက်တစ်ယောက်က သူ့နာမည်ကို သိသွားချေပြီ။
"သူများပစ္စည်းတွေကို လျှောက်မကိုင်နဲ့ ခါးပိုက်နှိုက်!"
"အစ္စဏီ!"
"ဆောရီး နှုတ်ကျိုးနေလို့"
ရှေးက ဆေးသေတ္တာကို ဆောင့်ခနဲ ချလိုက်ရင်း ခပ်တည်တည်သာ ပြောပြီး ထိုလူ့ဘေးဝင်ထိုင်လိုက်သည်။ထိုလူဝတ်ထားတဲ့ အနက်ရောင် ရှပ်အင်္ကျီကို တစ်ချက်ကြည့်ကာ လက်မောင်းက ဒဏ်ရာဆီ အကြည့်ပို့လိုက်သည်။
"အင်္ကျီချွတ်ပေးလို့ရမလား ခါးပိုက်...အဟမ်း!အစ္စဏီ"
ရှေးက ထွက်သွားတော့မည့် အခေါ်အဝေါ်ကို ထိန်းချုပ်ရင်း သူ၏ နာမည်ကိုသာ အခေါ်ပြုလိုက်ရသည်။ထိုလူကတော့ ရှေးရဲ့ အပြောကို သဘောတူသယောင် ရှပ်အင်္ကျီက ကြယ်သီးတွေကို ဖြုတ်ချရင်း တစ်ခါတည်း ဆွဲချွတ်လိုက်သည်။