Unicode
"အဟွတ်! အဟွတ်!!"
"ရှေး...သတိထားပါဦး။ မောင်ခေါ်နေတာကိုကြားလား"
ရှေးရဲ့ အာရုံမှာအလုံးစုံကို မစုစည်းနိုင်သေး။သူဘာဖြစ်သွားသည်လဲ။အစ္စဏီက သူ့ရင်ဘတ်တွေကို လက်ဖြင့် ဖိချနေသည်။အသက်ရှုရ အရမ်းခက်နေပြီး လွန်စွာမှလဲ မောဟိုက်လို့နေသည်။
"ရှေး...ရှေး..."
အစ္စဏီက ရှေးရဲ့ပါးပြင်ကို ပုတ်ကာနှိုးနေသည်။ရင်ဘတ်နေရာကို ဖိရင်း အရေးပေါ်အသက်ကယ်နည်းကို လုပ်နေသော်လည်း ရှေးက သတိရမလာ။ပါးစပ်ကနေတဆင့် လေမှုတ်သွင်းဖို့ပြန်ကျ ရှေးရဲ့ ပွင့်ဟနေနဲ့ နှုတ်ခမ်းလွှာတွေကိုကြည့်ပြီး သူမလုပ်ရဲ။နောက်ဆုံး ကြံရာမရမှသာ နှာခေါင်းကို ဖိလိုက်ပြီး ပါးစပ်ကနေတစ်ဆင့် လေမှုတ်သွင်းလိုက်သည်။
သုံးလေးခါမျှ လုပ်ပြီးမှသာရှေးရဲ့ ပါးစပ်ထဲမှ ရေများ ပြန်ထွက်လာပြီး လူတစ်ကိုယ်လုံးလဲပျော့ခွေသွားသည်။အစ္စဏီမှာလည်း အခုမှရင်အေးရပြီး သက်ပြင်းချနိုင်သည်။
"ရှေး...ဘာဖြစ်သေးလဲဟင်။ ဘယ်နားထိခိုက်မိသေးလဲ"
ရှေးကသတိမကပ်သေးသူလို အစ္စဏီကို ပြန်မဖြေနိုင်သေး။အခုသူက မသေဘူးလား။အစ္စဏီ့လက်ထဲပြန်ရောက်သွားတာလား။
မောနေတဲ့ကြားမှ အစ္စဏီ့ကိုမော့ကြည့်လိုက်တော့ သူလည်းပဲ တစ်ကိုယ်လုံးစိုရွှဲနေသည်။ရှေးကို ကြည့်နေပုံကလည်း စိုးရိမ်မှုတွေ ကြီးစိုးနေသယောင်။အစ္စဏီကတော့ ရှေးကိုပဲ ပျာပျာသလဲလိုက်ကြည့်နေသည်။
"တစ်ခုခုထိခိုက်မိသေးလား"
"အစ္စဏီ!"
"အင်း...မောင့်ကိုပြော"
ရှေးရဲ့မျက်နှာက နာကျည်းမှုတွေကို ဆောင်ကြဥ်းထားပြီး အစ္စဏီ့ကို မုန်းတီးစွာကြည့်လိုက်သည်။
"ငါမင်းကို အရမ်းမုန်းတယ်။ သေလောက်အောင်မုန်းတယ်"
အစ္စဏီက ရှေးကို ခေါင်းညိမ့်ပြရင်း လက်နှစ်ဖက်ကိုဆွဲယူကာ ခပ်ဖွဖွလေး ဖိကပ်နမ်းလိုက်သည်။
"မောင်က အမုန်းတွေနဲ့ နေသားကျပြီးသားပါ။ ရှေး...မောင့်ကို ဘယ်လောက်ပဲ မုန်းမုန်း မောင့်အနားမှာပဲ နေပြီးမုန်းပါ...နော်"