Ep 8 (U)

17.2K 1.9K 230
                                    

"ဟယ် ဝေနှင်းပွင့်က အဆင့် ၁ ရတယ်!"

ကျောင်းသူတချို့၏ တီးတိုးအံ့သြသံနှင့်အတူ အတန်းပိုင်ဆရာမအနားတွင် ပြုံတိုးနေကြသောလူအုပ်ထဲမှ မိုင်သဲနုကလည်းအော်ဟစ်ပြီးပြေးထွက်လာသည်။

"ဝေနှင်းပွင့်!! ဝေနှင်းပွင်!! ဟဲ့ တကယ် တကယ် ... နင် အဆင့် ၁ ရတယ်!!"

"ဟင်! တ... တကယ်လားဟဲ့"

"ဟုတ်ပါတယ်ဆို... နင် အဆင့် ၁! ဟဲ့ ရွှေထုပ် အလီဘိုင် ကျော်ဇင်သက်! ငါတို့ ဝေနှင်းပွင့်က အဆင့် ၁ ရတယ်"

"ဟာ... ဟေး!!! တယ်ဟုတ်ပါလားဟ ဆရာသိရင်ပျော်နေတော့မှာပဲ"

အလီဘိုင်က ဝေနှင်းပွင့်၏ ခေါင်းကိုလက်သီးဖြင့်ထု၍ပြောသည်။ ကျော်ဇင်သက်ကလည်း ဆရာမအနီးမှ တိုးထွက်လာပြီး ပုဆိုးကိုပြင်ဝတ်လိုက်ရင်း...

"ဟိတ်ရောင်တွေရေ... ငါလည်း အကုန်အောင်တယ်ဟ သောက်ကျိုးနည်းကြီး"

"အဲ့ဒါ မင်းတို့တော်လို့မဟုတ်ဘူး ဆရာကိုမြတ်သူတော်လို့"

ရွှေထုပ်ကျေနပ်စွာပြုံးရင်းပြောမိလိုက်သည်။ ဒီလရွှေထုပ်တို့အကုန်လုံး ရလဒ်တွေတက်လာကြသည်။ ဆရာသည် သူ့ကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်နှင့်ကြားကပင် ရွှေထုပ်တို့အတွက် တကယ်အပင်ပန်းခံခဲ့ပါသည်။ နဂိုကတည်းက ကျက်စာတွေမှာအားကောင်းပြီးသား ဝေနှင်းပွင့်က အင်္ဂလိပ်စာနှင့် သင်္ချာကိုအားစိုက်လိုက်တော့ အဆင့် ၁ ပင် ရသွားတော့သည်အထိ။

"ဟဲ့... မျိုးသီရိမောင်က အဆင့် ၂ တဲ့"

မိုင်သဲနုက လေသံကိုနှိမ့်၍ပြောလာသည်။ ဝေနှင်းပွင့်၏ မျက်နှာကအားနာဟန်ဖြစ်သွား၏။

"အေးဟဲ့... သူစိတ်မကောင်းဖြစ်နေမှာပဲ... ဒါပေမယ့် အမှတ်တွေတော့ သိပ်မကွာလောက်ပါဘူး... အားနာလိုက်တာ"

ဝေနှင်းပွင့်အပြောကြောင့် ရွှေထုပ် မျက်မှောင်ကျုံ့မိသွားရသည်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ကြိုးစားလို့ရလာသည့်ရလဒ်ကောင်းတစ်ခုအတွက် မဆီမဆိုင်သူများကိုအားနာနေရန်မလိုအပ်ဘူးမဟုတ်လား။

"ဘာကိုအားနာရမှာလဲ... အဆင့် ၁ နေရာက သူတစ်ယောက်တည်းအတွက် သတ်မှတ်ထားတာမှမဟုတ်တာ... နင်ကြိုးစားလို့ နင်ရတာပဲ"

မြသီလာရပ်ကွက်ထဲက ကျွန်တော်ပိုင်တဲ့ "ရွှေထုပ်"Where stories live. Discover now