Ep 20 (U)

17.2K 1.9K 336
                                    

"လူဆိုးကြီးက...."

ကျော်ဇင်သက်က ဖုန်းကိုနားနားကပ်၍ အာရုံစိုက်ပြီးနားထောင်သည်။ ရွှေထုပ်တို့ ထိုနေရာကိုပဲ ထပ်ခါထပ်ခါ ပြန်ရစ်ပြီးနားထောင်နေကြသည်မှာ တစ်မနက်ခင်းပင် ကုန်လုနီးပါးရှိနေခဲ့ပြီ။

ကြွယ်ကြွယ့်အသံသည် တိုး၍တိမ်ဝင်သွားသည်။ ကြောက်စိတ်ဖြင့် အနည်းငယ်လှိုင်းခတ်သံလည်းပါဝင်နေသဖြင့် ဘာပြောလိုက်သည်ကို မရှင်းမလင်းဖြစ်နေရ၏။ ထပ်မေးကြည့်တော့လည်း ကြွယ်ကြွယ်က ခေါင်းကိုသာတွင်တွင်ရမ်းနေခဲ့သည်။

"ငါ့စိတ်ထင် ပပ လို့ ပြောတာထင်တာပဲ"

ဝေနှင်းပွင့်က ပြောသည်။

"မမ... လိုလည်း ဖြစ်နိုင်တာပဲ"

အလီဘိုင်က ထင်ကြေးပေး၏။

"မမ တော့မဖြစ်နိုင်ဘူး ဖဖ လားမသိဘူးနော်"

မိုင်သဲနုက ပြောရင်း ဖုန်းကိုပြန်ဆွဲယူကာ နားထောင်ပြန်သည်။ ရွှေထုပ်တို့ ၅ ယောက် ကိုကို့အိမ် ဧည့်ခန်းတွင် ထိုင်၍ ထင်ကြေးအမျိုးမျိုးပေးနေကြခြင်းဖြစ်သည်။

ကိုကိုက ရွှေထုပ်တို့အနားသို့လာထိုင်ပြီး...

"ကြွယ်ကြွယ်က ဒီတိုင်းပဲလျှောက်ပြောတာလည်း ဖြစ်နိုင်တာမို့ ဒီတစ်ခုတည်းကိုပဲ Focus ထားပြီးရှာနေလို့မရဘူး... တခြားဖြစ်နိုင်ခြေရှိတာတွေကိုလည်း ထပ်ပြီးရှာကြည့်ရမယ်"

"ဟုတ်တယ်နော် ဆရာ"

"နောက်ပြီးတော့ အခု video file ကို မပြန့်သွားစေနဲ့... လူတွေက သို့လောသို့လောနဲ့ ထင်ကြေးတွေပေးပြီး မဆိုင်တဲ့သူတွေကို ထိခိုက်စေမိရင်မကောင်းဘူးလေ"

"ဟုတ်... ဒါနဲ့ ရဲတွေက ကြွယ်ကြွယ့်ကို စစ်ကြဦးမှာလားဆရာ"

ကိုကိုက သက်ပြင်းချလိုက်သည်။ ရွှေထုပ်တို့က ကြွယ်ကြွယ့်အား သံသယရှိသူစာရင်းထဲတွင် မထည့်ထားကြသော်လည်း... ပေါက်စိကွေးအားတွေ့ခဲ့သည့်အနားတွင် ကြွယ်ကြွယ်၏လွယ်အိတ်အားတွေ့ခဲ့သဖြင့် ရဲက သက်သေခံအဖြစ်သိမ်းဆည်း၍ ကြွယ်ကြွယ့်ကိုပါ သံသယရှိသူစာရင်းထဲထည့်ထားသည်။ ရဲတွေ၏အမြင်၌ ကြွယ်ကြွယ်သည် အသက် ၃၅ နှစ်အရွယ် လူတစ်ဦးသာဖြစ်သည်။

မြသီလာရပ်ကွက်ထဲက ကျွန်တော်ပိုင်တဲ့ "ရွှေထုပ်"Where stories live. Discover now