ရွှေထုပ်အတန်းကြီးလာသည်နှင့်အမျှ ကိုကိုလည်းအလုပ်ပိုရှုပ်လာရသည်။ ကိုကိုရှယ်ရာဝင်ထားသော မန္တလေးမှကော်လုပ်ငန်းစက်ရုံသို့လည်း ကျောင်းပိတ်ရက်တွေမှာ ခဏခဏသွားရတတ်သည်။ စက်ရုံပိုင်ရှင်ဦးလေးကြီးက လူငယ်ဖြစ်သောကိုကို့အား ပိုအားထား၍ နေရာပေးသည်။ တာဝန်ယူစိတ်ရှိသော ကိုကို့မှာ ပို၍ပင်ပန်းနေရတော့၏။
စိတ်ပြတ်သားတတ်သောကိုကိုက မန္တလေးသို့ပုံမှန်ရောက်ဖြစ်နေသော်လည်း ပြင်ဦးလွင်တော့ လုံးဝမတက်ပါပေ။ ရွှေထုပ်က သိတတ်လာသည်နှင့်အမျှ မာနပြိုင်နေကြသော မိသားစုတွေကြား ရင်မောနေတတ်ပြီဖြစ်၏။
"ဒီပိတ်ရက်တော့ နားပါဦးကိုကိုရာ"
"နားပါတယ်ကွာ... ဒီပိတ်ရက် ကိုကိုဘယ်မှမသွားပါဘူး"
"ဒါနဲ့လေ ကိုကို့"
"အင်း"
"ဟိုနေ့က အမေတို့အိမ်မှာပြောနေကြတာ... ကိုကိုတောင် မိဘတွေနဲ့မတွေ့ရတာနှစ်တွေကြာနေပြီ... ကိုကိုကပဲစိတ်လျှော့ပြီး သွားတောင်းပန်လိုက်ရင်ကောင်းမှာပဲတဲ့"
ကိုကိုက ပြတင်းပေါက်အပြင်ရှိ ပိတောက်ပင်ကြီးကိုလှမ်းငေးရင်း သက်ပြင်းချလိုက်သည်။
"ရွှေထုပ်ကိုမကြည်ဖြူဘဲ ကိုကိုမသွားချင်ဘူး"
"ကျွန်တော်တို့သွားမှမသွားကြည့်ရသေးတာ ကိုကိုကလည်း... တကယ်တော့ ကိုကို့မေမေက မာနမချချင်လို့သာ သူ့ဘက်ကစပြီး လှမ်းမခေါ်တာ ကိုကိုနဲ့ ကျွန်တော်အလာကိုစောင့်နေတာလည်းဖြစ်နိုင်တာပဲလေ... ကျွန်တော့်ကိုကြည်ဖြူတယ် မကြည်ဖြူဘူးဆိုတာ သွားကြည့်ပြီးမှသိမှာပေါ့... တစ်ခါလောက်အတူတူရင်ဆိုင်ကြည့်ရအောင်နော် ကိုကို့... ကျွန်တော်လည်းရင့်ကျက်နေပါပြီ ဘာမဆိုလက်ခံနိုင်ပါတယ်... ကိုကိုရှိတာပဲ"
"ကိုကိုစဉ်းစားဦးမယ်... သွားချင်ရင်ရွှေထုပ်ဘွဲ့ယူပြီးမှပဲသွားကြတာပေါ့"
"ဟုတ်"
ရွှေထုပ်က ကိုကိုထိုင်နေသောပက်လက်ကုလားထိုင်နောက်သို့သွား၍ ကိုကို့ပုခုံးကိုနှိပ်ပေးတော့ ကိုကိုကပြုံးနေသည်။
YOU ARE READING
မြသီလာရပ်ကွက်ထဲက ကျွန်တော်ပိုင်တဲ့ "ရွှေထုပ်"
Romanceမြသီလာရပ်ကွက်သားတွေနဲ့အတူ နွေးနွေးထွေးထွေးလေး ချစ်ကြည့်ကြမယ်