စတီးတုတ်ရှည်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်ဆစ်ရဲရဲတို့ထံမှာ သွေးစက်တို့စွန်းထင်းလာခဲ့ပြီ။
အညိုရောင်တွေအနည်းငယ်ရောယှက်နေတဲ့ မျက်ဝန်းတို့ထံမှာ အသိစိတ်တို့ရှိမနေဘူး။ အသိစိတ်တို့ကင်းမဲ့နေတဲ့ အညိုရောယှက်မျက်ဝန်းတွေထံမှာ သားရဲတစ်ကောင်လို စူးရဲမှုတွေပဲပြည့်နက်နေတယ်။
"အသက် ... အသက် ချမ်းသာပေးပါ .. အသက်.."
ခြေထောက်ကိုဖက်တွယ်ရင်း တုန်တုန်ယင်ယင်ဆိုလာတဲ့ သွေးချင်းချင်းနီနေပြီဖြစ်တဲ့သူအား ဂျိတ်ခ်ကတော့ ရွံရှာသလို စိတ်ပျက်သလိုသာ ကြည့်မိလိုက်သည်။
သေခါနီးသွေးရူးသွေးတန်းဖြစ်နေသလိုမျိုး အသက်ရှင်ဖို့ တောင်းပန်ခယနေတဲ့ပုံစံမျိုးတွေက ဂျိတ်ခ်အတွက် ငြီးငွေ့ဖွယ်မြင်ကွင်းတစ်ခုထက်မပိုဘူး။ ဂျိတ်ခ်ကတော့ မျက်နှာကိုမဲ့လိုက်ရင်း သူ့ခြေထောက်ကိုဖက်တွယ်ထားတဲ့ စပ်ဆုပ်ဖွယ်ရစ်နွယ်မှုကို ခါချလိုက်သည်။
"အသက်ရှင်ချင်ရင် အသက်ရှင်ရတာနဲ့တန်အောင်ပြုမူမှပေါ့ ... သိပ်စိတ်ကုန်ဖို့ကောင်းတာပဲ"
တကယ်ကိုစိတ်ကုန်နေသလိုအရိပ်အယောင်တွေက ဂျိတ်ခ်မျက်နှာမှာအပြည့်ပါ။ စိတ်ရှုပ်စွာနဲ့ပဲ ဂျိတ်ခ် ဆံပင်တွေကိုထိုးဖွလိုက်မိသည်။
"အ.. သက်..."
ခေါင်းတောင်မမော့နိုင် သေချာတောင် မလှုပ်နိုင်တော့ဘဲ အရိုးကျိုးပျက်ဖြစ်နေတဲ့သူထံမှ စကားသံကထွက်ပေါ်လာနေဆဲပဲ။ အဲ့လိုပြောရုံနဲ့ အသက်ရှင်နိုင်မှာတဲ့လား။ နောက်ဆုံးအချိန်အထိကိုလက်မလျှော့သေးတာပဲ။
ဂျိတ်ခ်ကတော့ စိတ်ကုန်စွာ စုတ်သပ်လိုက်ပြီး မှောက်လျက်လဲကျနေသူနား ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သွေးစက်တို့စွန်းထင်းနေတဲ့ လက်ဆစ်နီနီတို့က မှောက်လျက်လဲနေတဲ့ သူရဲ့ဦးခေါင်းထက်ဆံပင်တွေက်ိုခပ်ကြမ်းကြမ်းဆွဲကာ မျက်နှာတစ်ခုအား ကိုင်မော့လိုက်သည့်အခါ ဒဏ်ရာအထပ်ထပ်နဲ့မျက်နှာတစ်ခုက လူရုပ်ပင်ဖော်မရတော့။
အသိဝင်တစ်ချက်မဝင်တစ်ချက်ဖြစ်နေပုံရတဲ့သူက နောက်ထပ်ခပ်ပြင်းပြင်းတစ်ချက်သာ ထပ်ရိုက်လိုက်ရင် အသက်ဝိဥာဉ်ကင်းမဲ့သွားတော့မှာ အသေအချာပင်။