EP - 7

665 42 10
                                    

Unicode

အိမ်ရှေ့ကအော်သံစူးစူးတွေကြောင့်ခွန်မင်းမီးဖိုခန်းထဲကနေထွက်လာခဲ့လိုက်သည်။ ဧည့်ခန်းဘက်ကအသံမို့ဧည့်ခန်းဘက်ဆီလှမ်းလာခဲ့လိုက်တော့မောင့်ရဲ့အော်ရယ်သံကပါတစ်ဆက်တည်းထွက်ပေါ်လာပြန်တယ်။ ခြေလှမ်းတွေကိုတစ်လှမ်းချင်းလှမ်းရင်းဧည့်ခန်းတံခါးဆီသို့ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကသွေးပျက်စရာကောင်းအောင်ခြောက်ခြားဖွယ်ရာပင်။

မျက်နှာတစ်ခြမ်းလုံးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့အခြေအနေနဲ့ကြမ်းပြင်ပေါ်မှာလဲနေတဲ့မိန်းကလေးကခွန်မင်းသိပ်ချစ်ရတဲ့ငယ်ဖြစ်ပြီးသွေးစွန်းနေတဲ့အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားကာတဟားဟားအော်ရယ်နေတဲ့သူကခွန်မင်းကိုသိပ်ချစ်တဲ့မောင်ဖြစ်နေလေတယ်။
ဒါကဘယ်လိုတွေတောင်ဖြစ်ရတာလဲ......။

" ရေဝန်းရံသျှင် မင်းဒါဘယ်လိုလုပ်လိုက်တာလဲ......"

အရယ်ရပ်သွားပြီးတဖြည်းဖြည်းလှည့်ကြည့်လာတဲ့မောင့်မျက်ဝန်းတွေ။ မျက်ရည်စတို့ငြိတွယ်နေလေသည့်မျက်ဝန်းတစ်စုံကတကယ့်ကိုဆောက်တည်ရာမရပုံ။ ချက်ချင်းဆိုသလိုငေးငိုင်သွားတဲ့အကြည့်တွေနှင့်အတူမောင်ကသွေးစွန်းနေသည့်သူ့လက်တွေကိုပြန်ကြည့်လိုက်ခွန်မင်းကိုပြန်ကြည့်လိုက်နှင့်တစ်ခဏအတွင်းမှာတင်ဂနာမငြိမ်ဖြစ်နေလေသည်။

" မောင်...မောင်လေ......"

" တော်တော့!! အခုချက်ချင်းငယ့်ကိုဆေးရုံပို့ဖို့လုပ်ရမယ်...မဟုတ်ဘူး အရင်ဆုံးသွေးတိတ်အောင်လုပ်ရမှာ......"

ထူပူနေသည့်အခြေအနေမှာခွန်မင်းကိုယ်တိုင်လည်းခြေမကိုင်မိလက်မကိုင်မိ။ ဆရာဝန်တစ်ယောက်ဖြစ်ပါလျက်နှင့်ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့တဲ့အနေအထားမှာခွန်မင်းရဲ့စိတ်အခြေအနေကတစ်ခန်းရပ်နေသည်။ ခြေလှမ်းတွေကမမှန်မကန်နှင့်ဟိုဒီလျှောက်ကာဆေးသေတ္တာရှာနေမိတော့လက်ကိုဖမ်းဆုပ်ကိုင်လိုက်သည့်လက်သည်းရှည်တို့ခြံရံသည့်လက်တစ်ဖက်။

" သူ့ကိုကယ်ဦးမလို့လား......"

စူးစိုက်ကြည့်လာတဲ့မျက်လုံးတို့ကကြောင်စီစီ။ လက်ကိုဆုပ်ကိုင်ထားရုံသာဆုပ်ကိုင်ထားသည်မို့ခွန်မင်းကိုမထိခိုက်စေပေမယ့်လည်းသွေးစွန်းနေသည့်လက်သည်းရှည်တို့ကိုမြင်ရသည်မှာခွန်မင်းအတွက်တော့သိပ်ကိုတုန်လှုပ်စရာကောင်းသည်။ လက်ကိုမသိမသာရုန်းမိတော့ပို၍ဖိဆုပ်ကိုင်လာပြီးမလှုပ်မယှက်ငေးကြည့်နေတဲ့မျက်ဝန်းတွေကမူလအတိုင်းနေရာမရွေ့။

No sunlight zone Where stories live. Discover now