မှားပြီးတဲ့နောက် (အပိုင်း ၅)
"ကိုလူပို...သားဘာဖြစ်လာတာလဲ။ ဘယ်လို ပုံစံကြီးလဲ"
စိမ့်မှာ ထိုင်ရာကနေ ဆိုင်ကယ်အနားကို အမြန်ထပြေးပြီး မေးလိုက်မိသည်။ သားက စိမ့်ကိုမြင်သည်နှင့် ငိုပြီးခေါ်ခိုင်းသည်။ သားက ငိုနေသလောက် ကိုလူပိုက တဟားဟားရယ်ပြီး သဘောကျနေ၏။ စိမ့်မှာ ကိုယ့်သားကိုယ်ကြည့်ပြီး သနားသွားမိသည်။
ကြည့်ပါဦး။ ခြောက်လကျော် ခုနှစ်လအရွယ်သားလေးကို ခေါင်းကဆံပင်တွေ ဘယ်ရောက်သွားမှန်းမသိပေ။ နားထင်နှစ်ဖက်က ပြောင်နေပြီး လိုင်းကြောင်း သုံးခုစီဖော်ထားသည်။ ထိပ်က ဆံပင်က အဖုတ်လိုက်ကလေး ဖြစ်နေ၏။ ထို့အပြင် သားကို စိမ့်ချီသည့်အခါ နားရွက်ကလေးကို ထိမိလျှင် သားက ကြွပ်ကြွပ်ညံအောင် အော်ငိုလေသည်။
သေချာကြည့်တော့မှ သား၏ ဘယ်ဘက်နားရွက်ကလေး နီရဲပြီးရောင်နေလေသည်။ နားမှာ စတီးနားကွင်းသေးသေးလေး ရှိနေ၏။
"အောင်မလေး...ကိုလူပိုရဲ့။ စိမ့်သားကို ဘယ်လိုလုပ်လိုက်တာလဲ။ ကလေးသေးသေးလေးကို နားသွားဖောက်လိုက်ရတာလဲ"
စိမ့်စိတ်တိုပြီး အော်လိုက်မိ၏။ သားက မချိမဆန့်နာနေသည်ကိုကြည့်ပြီး ဒေါသကထွက်လာလေသည်။
"ဘာမှမဖြစ်ဘူး...တစ်ရက်နှစ်ရက်ပဲ။ ဒီကောင် အကြောတင်းတယ်။ ဖောက်တုန်းကတောင် မငိုဘူး။'
"အခုငိုနေပြီလေ...ကိုလူပို စိမ့်သားကို မပြောမဆိုနဲ့ လုပ်ချင်ရာ လုပ်လာတာ စိမ့်မကြိုက်ဘူး။"
"လုပ်တော့ဘာဖြစ်လဲ။ ကိုယ့်တူ ကိုယ်လုပ်တာ။ မရီးကို လုပ်နေလို့လား"
လူပိုက ပြန်အော်တော့ စိမ့် ငိုလေသည်။ သူတို့ညီအစ်ကိုတွေ ဝိုင်းအနိုင်ကျင့်တာကို ခံနေရသလို ခံစားရလေသည်။ စိမ့်ငိုသည့်အခါ လူပိုက အနားရောက်လာပြီး ခေါင်းကို ခပ်ဖွဖွပွတ်ပေးပြီး ရယ်လေသည်။
"မရီး ပေါက်စကလည်း ကလေးကြနေတာပဲ။ ဘာလို့ငိုနေတာလဲ။ "
"ကိုလူပိုတို့ ညီအစ်ကိုတွေ စိမ့်ကို ဝိုင်းအနိုင်ကျင့်နေကြတာ...အဟင့်...ဟင့်...ဟင့်...."
YOU ARE READING
မှားပြီးတဲ့နောက်
Romanceကျားကိုမှ သွားကစားမိတဲ့ စိမ့်စိမ့်ဆိုတဲ့ ကောင်မလေးနဲ့ လက်ရဲဇက်ရဲ လူဇော်တို့ရဲ့ ဇာတ်လမ်းလေးပါ။