မိုးရနံ့လေးတွေပါတဲ့ လေပြည်အေးအေးလေးက ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲကိုဝင်ရောက်တိုက်ခတ်ကျီစယ်လာသည်။ ညတုန်းက ပြတင်းပေါက်ပိတ်မအိပ်မိတဲ့ ကျေးဇူးနဲ့ ချန်းယောင်း အအေးမိပြီး လည်ချောင်းတွေတောင်နာလာရသည်။ ပြတင်းပေါက်ကို ထပိတ်ပြီး ဆက်အိပ်မယ်လုပ်ပေမယ့်လည်း တစ်ရေးနိုးပြီးရင် အကျင့်ပါစွာ မှိတ်မရတဲ့ မျက်လုံးတွေကြောင့် မနက်ပိုင်းအတန်းကို စောစောသွားဖို့ပဲ ဆုံးဖြတ်လိုက်ပြီး မနက်ခင်းကိစ္စအဝဝကို ပြင်ဆင်ရတော့သည်။
တစ်ယောက်ထဲနေရတာ ချန်းယောင်းအတွက်လည်း လွယ်ကူတဲ့ ကိစ္စတော့ဟုတ်မနေပါဘူး။ အသက် 22ဆိုတာက မငယ်တော့ပေမယ့်လည်း သိပ်ပြီးမကြီးသေးဘူးလို့ သူစဉ်းစားမိတယ်။ သူနဲ့ရွယ်တူ သူငယ်ချင်းတွေတောင်မှ အခုထိ မိဘအရိပ်မှာ နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ပေးခံနေရတုန်းပဲလေ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ မိသားစုအသစ်ကိုယ်စီနဲ့ သူ့မိဘတွေဆီမှာ လိုက်နေမယ့်အစား သူတစ်ယောက်ထဲနေလိုက်တာက ပိုပြီးကောင်းတာပေါ့ အင်း နည်းနည်းတော့ အထီးကျန်ပေမယ့်။
ချန်းယောင်း ဘာမှမဝယ်ထားဖြစ်တာကြာပြီမို့ ရေခဲသေတ္တာထဲမှာ ရေဘူးတွေနဲ့ သောက်စရာတချို့ကလွဲပြီး ဘာမှမရှိဘူး။ မနက်စာစားဖို့ အနီးနားက စတိုးဆိုင်မှာပဲ တစ်ခုခုဝယ်စားဖို့ ဆုံးဖြတ်လိုက်တယ်။ ညကတည်းကရွာနေတဲ့မိုးက အခုလည်း အုံ့မှိုင်းပြီး ထပ်ပြီး ရွာချတော့မလိုပဲ။ ဖိနပ်စင်ဘေးက ဆိုဟီးငှားပေးလိုက်သည့် တစ်ချောင်းတည်းသော ထီးကို ချန်းယောင်းတစ်ချက်ငဲ့ကြည့်လိုက်တယ် ဒါပေမယ့် သူမယူခဲ့ပါဘူး သူထီးယူသွားရမှာကို တကယ်ပျင်းတယ်။
စတိုးဆိုင်ထဲမှာ ပေါင်မုန့်တချို့နဲ့ အအေးဝယ်ပြီး ထိုင်စားနေတုန်း ထင်တဲ့အတိုင်း မိုးတွေက တဖွဲဖွဲကျလာခဲ့ပြီ။ ဖုန်းထဲ မနက်ပိုင်းသတင်းတွေကို ဖတ်ရင်း မနက်စာကို အေးအေးလူလူပဲ စားနေလိုက်တယ်။ အတန်းချိန်လည်း စောသေးတာကိုး မိုးမတိတ်ရင်လည်း taxiနဲ့ပဲ သူသွားဖို့ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် သူထိုင်နေတဲ့ နောက်ဘက်ကနေ လူတစ်ယောက်ဖြတ်သွားတယ်။ ဒါကပုံမှန်ပေမယ့် သူရင်းနှီးမှတ်မိနေတဲ့ ရေမွှေးနံ့နဲ့ ကိုယ်သင်းနံ့တစ်ခု တိတိကျကျပြောရရင် လွန်ခဲ့တဲ့ တစ်ပတ်လောက်က ထိုလူများလား။ သူ လှည့်ကြည့်လိုက်တော့ တိုက်ဆိုင်စွာပဲ သူ့ကို စူးစမ်းသလိုကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ဆုံတယ်။