ချန်းယောင်းနဲ့တွဲပြီးနောက်ပိုင်းကစလို့ ဝန်ဘင်းအတွက်တော့ စိတ်ချမ်းမြေ့စရာတွေပါပဲ။ ထိုကောင်လေးကို သိပ်ကိုတွယ်တာနေတာ သူ့ကိုယ်တိုင်သာသိတယ်။ ပြိုလဲနေတဲ့ ဝန်ဘင်းရဲ့နှလုံးသားလေးကို ချန်းယောင်းက ကုစားပေးနေတာလေ။ အင်း.... ချန်းယောင်းသာ အခုလိုလေး သူ့အနားမှာအမြဲရှိနေမယ်ဆိုရင် ဘာကိုမှမလိုအပ်တော့ဘူးထင်ပါရဲ့။
ရေစိုနေတဲ့ ဆံပင်တွေပေါ် တဘက်တစ်ထည်တင်ပြီး ဝန်ဘင်းထိုင်နေတဲ့ ဧည့်ခန်းကဆိုဖာတွေဆီလျှောက်လာတဲ့ ချန်းယောင်းက တကယ်ကို မိုးမိထားတဲ့ ခွေးပေါက်လေးနဲ့ တူတယ်။ ဖုန်းကိုအကြည့်မပျက်ဘဲ ဝန်ဘင်းရဲ့ ခြေထောက်နှစ်ဖက်ကြားမှာဝင်ထိုင်လိုက်တယ်။ သူ့ဆံပင်တွေကို ခြောက်အောင် သုတ်ပေးပါဆိုတဲ့ သဘောပေါ့။
ချန်းယောင်းက ပုံစံလေးကသာ အေးတိအေးစက်နဲ့ တကယ်က လူအရမ်းကပ်တယ်။ ဂရုစိုက်တာလည်း ခံချင်သလို သူကလည်း အရမ်းဂရုစိုက်ပေးတဲ့ ကောင်လေးမျိုး။ ဒါအတွက် ဝန်ဘင်းအနေနဲ့ မကျေနပ်တာဘာမှမရှိဘူး ချန်ယောင်းတွယ်ကပ်တဲ့လူက သူဖြစ်နေသရွေ့ပေါ့။တီဗွီရီမုကို ဘေးနားချရင်း ချန်းယောင်းရဲ့ ဆံပင်စိုတွေကို ခပ်ဖွဖွသုတ်ပေးရတယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ ဝန်ဘင်းမြှောက်ပေးလို့ အရောင်ဆိုးလိုက်တဲ့ ဆံပင်အညိုရောင်တွေက ချန်းယောင်းနဲ့ လိုက်ဖက်လွန်းတယ်။ ဆံပင်တွေကို သုတ်ပေးရင်း အသည်းယားလာရလို့ ဖုန်းကိုစိတ်ဝင်တစားကြည့်နေသူ အလစ် ဆံပင်တွေကို ငုံ့နမ်းဖြစ်တယ်။
" ချန်းယောင်း "
" ဗျာ ကိုကို "
ထူးတဲ့ လေသံလေးကိုက အချွဲဓာတ်မပါပေမယ့် နူးနူးညံ့ညံနဲ့ ကြားလိုက်တာနဲ့ တစ်ခါတည်း အေးချမ်းသွားစေမယ့် အသံလေး။
" ကိုယ် ချန်းယောင်းနဲ့ စတွေ့ကတည်းက ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုရှိတယ် တစ်ခုခုလိုအပ်နေတာမျိုး "
" ဟုတ်လား ဘာပါလိမ့် "
ချန်းယောင်းက ဖုန်းကိုကြည့်ရင်းပဲ ခပ်အေးအေးပြောတယ်။ ဝန်ဘင်း နည်းနည်းတော့ အလိုမကျဖြစ်သွားရတယ်။ သူအတည်ပြောနေတာကို အကောင်ပေါက်လေးက အဖတ်မလုပ်ဘူးလေ။ ဖုန်းscreenကို ဘာရယ်မဟုတ် တစ်ချက်လှမ်းကြည့်လိုက်တော့ codeလိုမျိုး နံပါတ်ပေါင်းစုံနဲ့ စာတချို့တွေ့မှ စာကြည့်နေတာပဲဆိုပြီး သူ့စိတ်ကို တစ်ထစ်လျှော့လိုက်ရတယ်။