So say we'll be always, always ....
Say it will be you and me til the old days ....မရင်းနှီးသည့် ဖုန်းနံပါတ်မို့ ညီ တွေဝေနေသေးသည်။ အာကာဖုန်းကို မကိုင်ဘဲ နေသဖြင့် ဒီကောင် တခြားဖုန်းနဲ့ ခေါ်နေတာလည်း ဖြစ်နိုင်၍။ ညီမကိုင်ဘဲ နေလိုက်ပြီး စာဆက်လုပ်နေလိုက်သည်။နောက်တစ်ကြိမ် ထပ်ခေါ်တော့ အသံပိတ်ထားလိုက်၏။ ဖုန်းကျသွားပြီး မကြာခင် Message တစ်စောင် ရောက်လာသည်။
'ညီ တို့ပါ မုဏ်း၊ ညီနဲ့ စကားပြောချင်လို့ပါ၊ ညီအားတဲ့အချိန် တို့ကို ပြန်ပြီး ဆက်သွယ်ပေးနိုင်မလားဟင်'
မမုဏ်း သူ့ဖုန်းနံပါတ်ကို ဘယ်ကရလာတာလဲ။ တွေးကြည့်စရာတောင် မလိုပါ။ အာကာနဲ့ ဦးသာ တစ်ယောက်ယောက်ဆီက ဖြစ်လိမ့်မည်။ သူတို့ချင်း ဘာဖြစ်ကြပြန်ပြီလဲ မသိ။ ဒါမှမဟုတ် အာကာ့အတွက် ဆက်ပေးတာပဲလား။ မမုဏ်းနဲ့သူက တိုက်ရိုက်ပြောစရာ အကြောင်းမရှိဘူးလားလို့ပဲ။ ညီ ဖုန်းပြန်ခေါ်လိုက်တော့ ချက်ချင်းကိုင်သည်။
"မမုဏ်း"
"ဟုတ်တယ် ညီ၊ တို့ပါ၊ တို့ ညီ့နဲ့ စကားနည်းနည်းပြောချင်လို့ပါ၊ တို့ကို အချိန်ခဏ ပေးနိုင်မလား"
"ဟုတ်၊ အစ်မ ပြောပါ"
"ညီနဲ့ လူချင်းတွေ့ပြီး ပြောလို့ရမလား၊ ဖုန်းထဲမှာ ပြောဖို့ကျ သိပ်အဆင်မပြေလို့...."
"ရပါတယ် အစ်မ၊ ကျွန်တော် ဘယ်ကို လာခဲ့ရမလဲ"
"ညီ ဘယ်အချိန်လောက် အားမလဲ၊ ညီ့ဘက်က တစ်ချက် ပြောပေးပါလား"
"အစ်မ အားမဲ့အချိန်ကိုပဲ ပြောပါ၊ ကျွန်တော်က ဘယ်ချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်"
"ဒါဆို တွေ့မဲ့နေရာရော ညီ၊ ညီအဆင်ပြေမဲ့နေရာကို ရွေးပါ၊ တို့လာခဲ့ပါ့မယ်"
"အစ်မ အဆင်ပြေမဲ့ နေရာကိုပဲ ရွေးပါ၊ ကျွန်တော်က ကိစ္စမရှိပါဘူး"
"ကျေးဇူးပဲ ညီ၊ ခဏနေရင် တို့တွေ တွေ့မဲ့ နေရာနဲ့ အချိန် ပို့ထားလိုက်မယ်နော်"
"ဟုတ်ကဲ့ပါ"
အချိန်က နေ့လည်1နာရီ။ နေရာက စိမ်းလန်းစိုပြေမှာ။ ညီ စာကို လက်စသတ်လိုက်ပြီး ရေချိုးခန်း ဝင်သည်။ ရေချိုးပြီး တဘတ်နှင့် ခေါင်းကိုသုတ်ရင်း မှန်တင်ခုံပေါ်မှာ အလွယ်တင်ထားသည့် ရေမွှေးပုလင်းဆီ အကြည့်ရောက်၏။ သူ ဒါကို လက်ခံခဲ့တာ တခြားအတွေးကြောင့် မဟုတ်ဘူး။ ဒီတိုင်း ဦးသာ လမ်းကြုံလို့ဝယ်လာတာလို့ပဲ တွေးထားတာ ဖြစ်သည်။ ဇွတ်အတင်းငြင်းရင်လည်း ညီ့ဘက်က Sensitive ဖြစ်လွန်းရာကျမှာ စိုး၍။