တရုတ်တန်း၏ ညနေခင်းဈေးက ရောင်းသူဝယ်သူများနှင့် သက်ဝင်လှုပ်ရှားလျက်။ ဦးသာက 17လမ်းမှာ ကားထားဖို့ နေရာရှာသည်။ နောက်ဆုံးတော့ အောင်မြင်စွာပဲ ကားတစ်နေရာစာ ရခဲ့ပါသည်။ ကားပေါ်က မဆင်းခင်....
"စိတ်ရှုပ်သွားလား"
ညီ ခေါင်းရမ်းပြတော့ သွားတန်းတွေပေါ်သည်အထိ ဟက်ခနဲ ရယ်သည်။ ထိုရယ်မောခြင်းအား အမှတ်မထင် ငေးမိမလို ဖြစ်ပြန်၏။ သို့သော် အချိန်မီ မျက်နှာလွှဲလိုက်နိုင်သည်။ ဦးသာကတော့ ထုံးစံအတိုင်း သတိမထားမိပါ။
ကားပေါ်ကဆင်းသည်နှင့် ဆူညံပွက်လောရိုက်နေသည့် အသံဗလံတွေကို စတင်ကြားလာရသည်။ ပွဲဈေးလျှောက်နေသည့် လူကြီး၊လူငယ်တွေ ပြည့်နှက်နေသဖြင့် ပျော်စရာလည်း ကောင်းနေသလိုပါ။ တွေ့တဲ့လူတိုင်းက ဦးသာနှင့်ညီ့ကို နောက်ပြန်လှည့်ကြည့်သွားကြသည်။
ဦးသာက Fitဖြစ်နေသည့် T Shirtအဖြူစွတ်စွတ်ကို Pantတစ်ထည်နှင့် တွဲဝတ်ထားတာတောင် ချောမော ကြည့်ကောင်းနေတာကို ငြင်းမရ။ ရင်ဘတ်နှင့် လက်မောင်းသားတွေ တင်းရင်းနေပုံက ကောင်မလေးတွေ နောက်ပြန်လှည့်ကြည့်ရသည့် အချက်ဖြစ်လိမ့်မည်။ ညီက ထုံးစံအတိုင်း Free Size T Shirtခဲရောင်နှင့် Cargoအတိုပဲ ဝတ်လာဖြစ်၏။
"တရုတ်လေးကို တရုတ်တန်းခေါ်လာခဲ့တာ၊ ဘယ်လိုနေလဲ တရုတ်တန်းက"
"ပျော်စရာ ကောင်းမဲ့ပုံပဲ"
"အခုလိုအချိန်ကနေ ညအထိ လူအရမ်းစည်တယ်"
"ဪ...."
"ဘာ အရင်စားမလဲ၊ ဒီလမ်းထဲမှာ ကြက်သားကော်ညှင်းထုတ်ရတယ်၊ စားကြည့်မလား"
"အင်း....."
"လာ ကိုယ်ခေါ်သွားပေးမယ်"
လမ်းခဏထပ်လျှောက်ပြီးတော့ ဦးသာပြောသည့်ဆိုင်သို့ ရောက်၏။
"ဘာစားမလဲရှင့် အစ်ကိုတို့"
"ကြက်သားကောက်ညှင်းထုတ် တစ်ပွဲပေးပါ"
"ဟုတ်ကဲ့ရှင့်၊ ခဏစောင့်ပေးပါနော်"
ကောင်မလေး ထွက်သွားသည်နှင့် ဖိုက်ဘာခုံ အနီလေးတွေမှာ ဝင်ထိုင်လိုက်ကြ၏။ လမ်းဘေးဆိုင်လေးတွေဆိုပေမဲ့ အစားအသောက်တွေ သန့်ရှင်းနေတာကို တွေ့ရသည်။ ဗန်းတွေထဲ ချခင်းထားသည့် စားစရာတွေက ဘာနာမည်တွေမှန်း မသိပေမဲ့ စားချင်စရာတွေချည်း ဖြစ်နေတာကိုလည်း မငြင်းနိုင်။