12 1 2
📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚
၁ ။
၁.
လရိပ်၏ ညဘက်စာကျက်ခြင်းကို မည်သည့်အချိန်တွင်ရပ်နားရမည်ကို တကူးတကနာရီထကြည့်နေရန်မလို ။
🎶 ဟိုဘက်အိမ်က ညတိုင်းညတိုင်း
စာအကျယ်ကြီး ကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို …
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ် 🎶
ဟူသော ကာလသားတစ်သိုက်၏ သီချင်းသံကိုကြားရုံနှင့် ညကိုးနာရီထိုးနေပြီဖြစ်ကြောင်း အလိုလိုသိနိုင်သည် ။ ထို့ကြောင့် ရေနံဆီမီးအိမ်ကိုငြှိမ်းလိုက်ပြီး အကြောဆန့်ရန် ပြတင်းပေါက်ရှိရာဆီသို့ ထလာခဲ့လိုက်သည် ။ ကာလသားတစ်သိုက်၏
🎶 အို … ရေဒီယိုကမာရွတ်ရေ့
ကြိုးစားလိုက်စမ်းကွယ် …
D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ် … 🎶
ဟူသော သီချင်းသံကိုဆက်ကြားရသဖြင့် မိမိ၏တစ်ဦးတည်းသောညီမဖြစ်သူ လေပြေတစ်ယောက် ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရမည်ဖြစ်ကြောင်းကိုတွေးမိသည် ။ တစ်ဆက်ထဲမှာပင် စာမေးပွဲနီးနေပြီဖြစ်သော်လည်း ယခုအချိန်အထိ ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်နေသော လေပြေတစ်ယောက် စာမေးပွဲမအောင်မည်ကိုလည်း စိုးရိမ်မိပြန်သည် ။
မိမိတို့မိသားစုက လေပြေ့ကို နောက်ထပ်တစ်နှစ်ကျူရှင်ထပ်မထားပေးနိုင်လောက်အောင်အထိ မဆင်းရဲသော်လည်း ဖခင်ဖြစ်သူဆုံးပါးသွားပြီးကတည်းက မိမိတို့မောင်နှမကို မိခင်ဖြစ်သူမုဆိုးမကြီးနှင့် အဒေါ်ဖြစ်သူအပျိုကြီးက လုပ်ကျွေးနေခြင်းဖြစ်သောကြောင့် အားနာရသည် ။ ထို့ကြောင့် မိမိဆယ်တန်းအောင်ကာစက ဂုဏ်ထူးငါးဘာသာနှင့်အောင်မြင်ခဲ့သော်လည်း အခြားရွယ်တူသူငယ်ချင်းများကဲ့သို့ ပိုက်ဆံအကုန်အကျများသည့် ဆေးတက္ကသိုလ် ၊ နည်းပညာတက္တသိုလ်တို့မတက်ပဲ အိမ်နှင့်အနီးဆုံးဖြစ်သည့် ရန်ကုန်တက္ကသိုလ်၌သာတက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည် ။
မိခင်ဖြစ်သူက မိမိ၏ရွေးချယ်မှုကို မတားဆီးသော်လည်း ငယ်စဥ်ကတည်းက မိမိအားဆရာဝန်ဖြစ်စေလိုခဲ့သူဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်၌စတက်သည့်အချိန်ကတည်းက မိခင်ဖြစ်သူနှင့် မိမိ၏ဆက်ဆံရေးသည် အနည်းငယ်စိမ်းသက်သွားသည် ။ ထို့ကြောင့် မိမိက မိမိကိုယ်စား မိခင်ဖြစ်သူစိတ်ချမ်းသာစေရန် လေပြေ့ကို ဆေးတက္ကသိုလ်တက်စေလိုသည် ။