3 0 0
📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚
၄ ။
၁.
လရိပ် စိတ်ဖိစီးမှုများကြောင့် တစ်ညလုံးအိပ်မပျော် ။ အရုဏ်တက်ကာနီးမှ မှေးကနဲအိပ်ပျော်သွားသည် ။
သို့သော် ...
ကြာကြာအိပ်မပျော်လိုက် ။ မိခင်ဖြစ်သူကို ဆိုင်ခင်းရန်ကူညီပေးရအုံးမည်ဖြစ်သောကြောင့် အိပ်ငိုက်နေသော်လည်း အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။
အောက်ထပ်သို့ရောက်သောအခါ လေပြေက မိမိထက်အရင်နိုးနေပြီး မိခင်ဖြစ်သူအား ကူညီနေပြီဖြစ်သည် ။ ထို့ကြောင့် လေပြေ့ကို
" စာသွားလုပ် မိလေပြေ ..... ငါလုပ်ပေးလိုက်မယ် "
ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် လေပြေက
" ဒီနေ့တစ်ရက်တော့ ကိုကြီးနားလိုက်ပါ .... နေမကောင်းဘူးမဟုတ်လား ..... သမီးကတစ်ရက်တစ်လေလုပ်ရတာ ဘာမှမဖြစ်ပါဘူး "
ဟု ပြောသည် ။ လေပြေ့စကားကြောင့် မိခင်ဖြစ်သူက မိမိအနားသို့ရောက်လာပြီး
" ဘယ်လိုဖြစ်လို့နေမကောင်းကဖြစ်ရတာလဲ .... ဖျားတာလား .... အဖျားရှိနေတာလား "
ဟု ပြောကာ နဖူးပေါ်သို့လက်တင်ကြည့်သည် ။ မိခင်ဖြစ်သူ၏စကားကို
" ဘာမှမဖြစ်ပါဘူး အမေရာ ..... မိလေပြေကအလကားစိတ်ပူနေတာ "
ဟု ပြန်တုံ့ပြန်ရင်း မိခင်ဖြစ်သူ၏လက်ကို အသာဖယ်လိုက်သည် ။ မိခင်ဖြစ်သူကမူ မိမိစကားကို ကြားဟန် ၊ အရေးလုပ်ဟန်မတူ ။
" မိလေပြေပြောတာဟုတ်တယ် ..... သွားနားနေလိုက် ..... တစ်ရက်လောက် နားလိုက်လို့ဘာမှမဖြစ်ပါဘူး "
ဟု ပြောကာ ဧည့်ခန်းထဲသို့ အတင်းတွန်းလွှတ်သဖြင့် အပေါ်ထပ်သို့ပြန်တက်လာခဲ့လိုက်သည် ။
၂.
လေပြေ၏ကောင်းမှုကြောင့် လရိပ် မနက်ကျောင်းမတက်ခင်အချိန်အထိ စိတ်အေးလက်အေးအိပ်ပျော်သွားသဖြင့် စိတ်ထဲမှ လေပြေ့ကို ကျေးဇူးတင်လိုက်မိသည် ။ အိပ်ရေးဝဝအိပ်လိုက်ရသော်လည်း အိပ်ပျော်သွားသဖြင့် ထမင်းချိုင့်ထည့်ရန် မစီစဥ်လိုက်ရ ။ ထို့ကြောင့် ကမူးရှုးထိုးဖြင့် အိပ်ရာမှထကာ ရေမိုးချိုးအဝတ်အစားလဲပြီး မိခင်ဖြစ်သူ၏ မုန့်ဟင်းခါးဆိုင်သို့ ထွက်လာခဲ့လိုက်သည် ။