Unicode
"ဟိုတစ်ခါတုန်းက အဲ့ကောင် ချောင်းသာ ရောက်ပြီဆိုပြီး မိုးရေထဲ ဆင်းဆော့တယ်လို့ ပြောဖူးတာ မှတ်မိလား"
ဟန်သစ်မှာ သျှမ်းအတွက် စိတ်မကောင်းဖြစ်နေရင်းမှ ပြုံးမိသွားသေးသည်။
"မှတ်တာပေါ့ကွာ"
"အဲ့ကောင်က အဲဒီလိုမျိုး ထူးထူးဆန်းဆန်းတွေ လုပ်တတ်တဲ့အကျင့်ရှိတယ်"
ဇင်ဂိုက ခဏရပ်ပြီးမှ ဆက်ပြောသည်။
"အဲ့ဒီနေ့က သျှမ်းရဲ့ အဒေါ်အငယ်ဆုံး မင်္ဂလာဆောင်တဲ့နေ့ကွ၊ ထုံးစံအတိုင်း ဘောက်တွေ ဖွင့်ကြတာပေါ့ကွာ၊ ဒီကောင်က သီချင်းတအားကြိုက်တဲ့ကောင်ကွ၊ အဲ့ဒီဘောက်ကြီးရှေ့မှာ အူးအီအူးအားအား သီချင်းနဲ့ သွားဒွန့်တာလေ၊ သီချင်းလည်း ပြီးရော နားထဲက သွေးတွေ ထွက်လာပါရောလား"
ဇင်ဂိုက ရယ်သည်။
"အဲ့ဒီကတည်းက ဒီကောင့်နားက သိပ်မကြားရတော့တာ၊ ဒီကောင်က Bon Jovi ကို အသေအလဲကြိုက်တာကွ၊ ဖြစ်ချင်တော့ ဒီကောင့်နားက နားကြပ်တပ်ပြီး သီချင်းနားထောင်လိုက်တာနဲ့ သွေးတွေ ပြန်ထွက်လာတာပဲ"
ဇင်ဂိုက ပေါ့ပေါ့ပါးပါး ပြောသွားသော် ဟန်သစ်မှာတော့ လေးလံသွားရတော့သည်။
"အဲ့တုန်းက သျှမ်းက ငါးတန်းပဲ ရှိသေးတာ၊ နားသိပ်မကြားရတော့ကတည်းက အခုလို ခပ်ဆိုးဆိုးလေး ဖြစ်လာတာပဲ"
ဇင်ဂို ပြောသည့်အတိုင်း သျှမ်းမှာ တစ်ပတ်လုံး ကျောင်းမလာခဲ့ပါ။ အတန်းမှူးကို ခွင့်တိုင်ထားပြီးသားဟု သိရသည်။
ဟန်သစ်မှာ အပြစ်ရှိစိတ်များစွာဖြင့် သျှမ်းကို ပြင်းပြင်းပျပျ တွေ့ချင်နေမိတော့သည်။
-----
သျှမ်းက EC ဖြစ်လေရာ Assignment စာအုပ်များကိုဆိုလျှင် သူက ဝေပေးရသည်။ ဝေပေးလျှင်လည်း ရိုးရိုးမဝေ။ နာမည်ပြောင်များကို ခေါ်၍ ဝေပေးလေ့ရှိသည်။
ပိန်သောကောင်များကိုဆိုလျှင် ငါးဖောင်ရိုး၊ ဝသော မိန်းကလေးများကိုဆိုလျှင် ဖက်တီးမဟု ပျစ်ပျစ်နစ်နစ် ခေါ်တတ်သေးသည်။ ဒါကိုတောင် တစ်ခန်းလုံးက သူ့ကို အချစ်အခင်မပျက် ရှိကြလေသည်။
