195 21 34
                                    

၁၉၂၈ ခုနှစ် ဂယောင်ဆောင်းမြို့ တနေရာ။

ထိုနေရာကို အပိုင်စားရထားသူကတော့ အရာခံ 'ဂျောင်ဆောင်းချန်' ။ ဂျပန်ခေတ်မှာ ကိုရီးယား လူမျိုးတွေထဲ ဒီလို ပေါ်ပေါ်ထင်ထင် အရာခံ ဖြစ်ခဲ့သူသည် ဆောင်းချန် ပထမဆုံးပင်။

ချမ်းသာသည့် အသိုင်းအဝိုင်းမှာ ဆင်းသက်လာကာ ဥာဏ်ကောင်းကောင်းဖြင့် ဖြတ်ထိုး လုပ်ကိုင်တတ်သည်မို့ ဂျပန်တွေကလည်း သူ့ရဲ့ ပညာနဲ့ ဥာဏကို သဘောကျကြတာကို ငြင်းမရ။

ဘယ်သူ့ကိုမှ မညှာတတ်သလို လိုအပ်ရင်လည်း အရာရာကို သွေးအေးအေး ဖြေရှင်းတတ်တာက ပြည်သိမ်းဂျပန်တွေ ဂျောင်ဆောင်းချန်ကို အကြိုက်ရဆုံးဖြစ်စေတဲ့ အချက်။

"သတင်းတွေ ဘာထူးသေးလဲ"

ရုံးခန်းမှာ ထိုင်လိုက်တာနဲ့ စုံစမ်းရထားသမျှ သတင်းတွေကို နားထောင်ကာ ဖြေရှင်းဖို့၊ အစီအစဉ် ဆွဲဖို့ လုပ်ရတော့သည်။

"တော်လှန်ရေး အဖွဲ့တွေက တစ်နေ့ထက် တစ်နေ့ တစ်စ တစ်စ များလာပါတယ်"

"ဘယ်သူတွေ ဦးဆောင်နေလဲ ဆက်စုံစမ်းထားပေး။ တစ်ဖွဲ့လောက်တော့ မိထားမှ အပိုးကျိုးကြမဲ့ဟာတွေ"

"ဟုတ်ကဲ့။ ဒီထက် ပိုကြိုးစားပါ့မယ် ဆရာ"

သတင်းပေးတဲ့သူ ထွက်သွားတော့မှ ခုံနောက်မှီကို ပစ်မှီထားလိုက်ရင်း ကိစ္စတွေကိုသာ ပြန်စဉ်းစားနေမိသည်။ အခုလက်ရှိက ဆန္ဒပြပွဲတွေကို ဖိနှိပ်လိုက်ပြီးတဲ့နောက် ပိုဆိုးလာတဲ့ အခြေအနေ။

ဒီတစ်ခေါက် ဖိနှိပ်မှုကနေ လူတွေရဲ့ စိတ်ကို နှိုးဆွလိုက်သလို ဖြစ်သွားသည် ထင်သည်။ ဘာကြောင့်ဆို ဂျပန်စစ်သား တော်တော်များများသည်လည်း ရုန်းရင်းဆန်ခတ် ဖြစ်ရင်း အနည်းငယ် ကျရှုံးခဲ့သည်ကိုး။

ဆောင်းချန် နားထင်နှစ်ဖက်ကို လက်မ၊ လက်ခလယ်နဲ့ အတူတူ ဖိနှိပ်လိုက်ပြီးမှ ခေါင်းကြည်အောင် ဆေးတံပိုက်ကို ကိုက်ကာ ဖွာနေလိုက်သည်။

ဒီရာထူးနေရာသည် ဆောင်းချန်အတွက် စိတ်ဖိစီးရပေမယ့် ဘယ်လောက်ပဲ စိတ်ပင်ပန်းပါစေဦး၊ ဒီနေရာကို သူကိုယ်တိုင် လိုချင်လို့ကို ရောက်အောင် တက်ထားသည် မဟုတ်လား။

War FlowerWhere stories live. Discover now