မင်းသိအောင် ဖွင့်ပြောတော့မည်

178 27 7
                                    

‌နွေဦးရောက်ပြီဖြစ်၍ တဖြည်းဖြည်း နေ့တာပိုရှည်လာသည်။ ညနေ ခြောက်နာရီခွဲနေပြီဆိုသော်လည်း ပုစွန်ဆီရောင်ကောင်းကင်ကြီးက လှပစွာ ရှိနေတုန်းပင်။

ဆော့မင်က သူ့အား ညနေစာလိုက်ကျွေးရန်အတွက် အီတလီစားသောက်ဆိုင်တစ်ခုသို့ ခေါ်လာခဲ့သည်။ လူလည်း သိပ်မများသလို၊ ဆိုင်အပြင်အဆင်ကလည်း သပ်သပ်ရပ်ရပ်ဖြင့် ဂျီဆူးအကြိုက်ပင်။

သူ့ရှေ့ရှိ အမျိုးသားကတော့ waiterအား အပြုံးလေးဖြင့် စားစရာမှာနေသည်ကပင် အလွန် ကြည့်ကောင်းလှသည်။
ချစ်ရသူမှ သူ့အတွက်ဟု ရည်ရွယ်ကာ စားရာ မှာပေးနေခြင်းမျိုးပင်။ အတွေးလေးကပင် ဆိုင်အတွင်းဖွင့်ထားသော Jazzဂီတနှင့်အတူ နှလုံးသားအား ညိမ့်ညောင်းစွာ ကခုန်စေပါ၏။

နှစ်ယောက်သား ရောက်တတ်ရာရာလေးများ ‌စကားစမြည်ပြောနေကြရင်း သိပ်မကြာလိုက်ခင်မှာပင်။ ပီဇာတစ်ချပ်က သူတို့ စားပွဲပေါ်ရောက်ရှိလာလေသည်။

“ကျွန်တော်ကလေ pepperoni pizza အရမ်းကြိုက်တော့ အဲ့ဒါလေးပါ မှာလိုက်တယ်ဗျ အဆင်ပြေတယ်မလား ဒါရိုက်တာကြီး”

“အွန်း..”
သိတာပေါ့ ညဆိုင်းဆင်းရလို့ တစ်ယောက်ထဲဆိုလျှင်တောင် pepperoni pizza မှာစားတတ်သည့် ဆော့မင်က ပီဇာအရူးလေး‌ပင်။

“ဒါရိုက်တာကြီး အရင်စားပါဗျ”
Pizza ရောက်လာလာချင်း တစ်စိတ်ကို ဂျီဆူးရဲ့ပန်းကန်ထဲ လာထည့်ပေးသည်။

ဒုတ်..!

အပြုအမူသေးသေးလေးပင်ဆိုသော်ငြား တိတ်တခိုးမြတ်နိုးနေသူအတွက်ကတော့ နှလုံးသားကို ဒုတ်ဖြင့် လှမ်းပစ်လိုက်သည့်အလား။

“ရပါတယ်..ဆော့မင်လည်း စားပါ”
ပုံမှန်ဆို စကားနည်းသူ မဟုတ်ရပါသော်လည်း ဆော့မင်နှင့် နှစ်ယောက်ထဲ အတူတူရှိနေရသည့်အချိန်တွင် ဂျီဆူး၏ ဦးနှောက်ဆဲလ်များကလည်း ပုံမှန်အလုပ်မလုပ်နိုင်တော့ပါချေ။ ဆော့မင်၏ အပြုအမူသေးသေးလေးများအောက်တွင် ထုံထုံထိုင်းထိုင်းဖြစ်သွားရသည်သာ။

ဆော့မင်က တကယ့်ကို golden retrieverလိုမျိုးပင်။ အနေရခက်သည့် အပြုံးများ၊ စကားလုံးများဖြင့် လေထုကို ပေါ့ပါးစေသည်။ ရောက်တတ်ရာရာစကားစမြည်လေးများ ပြောရင်း စားသောက်လိုက်ကြသည်မှာ အချိန်များ မည်သို့ကုန်ဆုံးသွားမှန်းပင် မသိလိုက်ရ။

ဆော့မင်က ‌ကောင်တာ၌‌ ငွေ‌ရှင်းနေသည့်အချိန်တွင် အနှီ‌အမျိုးသားအား ဆိုင်ရှေ့၌ ရပ်စောင့်နေရင်း သူ ဆော့မင်အား သူ့အိမ်တွင် ဖြစ်ခဲ့သည့် ကိစ္စများကို မြန်မြန်ရှင်းပြလိုက်သည်က ‌ကံ‌ကောင်းသည်ဟု‌ တွေးမိသည်။
ဒီရက်ပိုင်း ဆော့မင်က သူ့ကို ရှောင်နေသည်ကို သိသော်လည်း ဂျီဆူး နားလည်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျီဆူးက အထက်လူကြီးဆိုသည့်အတွက် ဖြစ်ခဲ့သည်များကို မျက်နှာပူ‌၍ ရှောင်နေသည်ဟုသာ ထင်ခဲ့သော်လည်း တကယ်တမ်းကျ အနှီအရူးလေးက သူနှင့် အတူတူအိပ်မိသွားသည်ဟု ထင်ကာ သူ့အားရှောင်နေခြင်း။

ဤသည်ကိုလည်း နေ့လည်စာစားချိန် ရုံး၌ မည်သူမှ မရှိသောအချိန်၊ ရုံးရှိ နားနေခန်းထဲတွင် သူ့အစ်ကိုဖြစ်သူနှင့် ဖုန်းပြောနေသည်ကို ဂျီဆူးက ကော်ဖီဖျော်သောက်ဖို့ သွားရင်းက အမှတ်မထင်ကြားခဲ့ခြင်း။

ဂျီဆူးမှာ ငိုရမလား ရယ်ရမလားပင် မသိတော့ပါချေ။

“ဒါရိုက်တာကြီး ဘာနဲ့ ပြန်မှာလဲဗျ
တက္ကစီ မခေါ်ရသေးရင် ကျွန်တော့်ကားနဲ့ပဲ ပြန်လိုက်ပို့ပေးမယ်ရယ်”

“...”
ဤကမ်းလှမ်းချက်ကို ဂျီဆူး ဘယ်လိုလုပ်ပြီးများ ငြင်းနိုင်ပါလိမ့်မလဲ..
ခေါင်းသာ ခပ်မြန်မြန်လေး ညိမ့်ပြမိသည်ပေါ့။

ည‌မီးရောင်စုံများအောက်တွင် ချစ်ရသူ၏ အပြုံးက မငြင်းဆန်ရက်နိုင်စွာ ဂျီဆူးအား ယစ်မူးစေသည်။

သူ့နံဘေးတွင် ကား‌မောင်းနေသည့် အမျိုးသားအား တစ်ချက်ခိုးကြည့်လိုက်ရင်း ဂျီဆူး သူ့နှလုံးသားထဲက သူအမြဲဖိနှိပ်ထားခဲ့သော ခံစားချက်များက အတင်းရုန်းကန်ကာ ‌ပေါက်ထွက်လာသည်ကို ကောင်းစွာ သိလိုက်ရသည်။

ဂျီဆူးသည် ဆော့မင်ကို နက်ရှိုင်းစွာ မြတ်နိုး‌မိနေလေပြီ။
ဘယ်အချိန်က စခဲ့မှန်းမသိသော်လည်း အတူတူလက်ဆုံစားခဲ့ရသော ညနေစာလေးတစ်နပ်မှ သိခဲ့ရလေပြီ။
သူ ထိုအမျိုးသားအား ပိုင်ဆိုင်ချင်သည်။
ယခင်ကလိုပင် ဝေးဝေးကနေ ရပ်ကြည့်မနေချင်တော့။
ပို၍ ရင်းနှီးလာချင်သည်။ ပို၍ နီးကပ်ချင်သည်။ သက်ဆိုင်ချင်သည်။

သေချာသည်။
သူသည် ဆော့မင်အား လက်မလျှော့နိုင်တော့ချေ။
ဤသည်က ရူးမိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
သို့သော် ယခုအချိန်တွင်တော့ ဆော့မင်နှင့်ယှဉ်လာလျှင် ကျန်သည့်အရာအားလုံးက ဂျီဆူးအတွက် အရေးမပါတော့ပေ။

ဂျီဆူးတို့ အိမ်ရာဝန်းထဲရောက်တော့လည်း ဆော့မင်ကလည်း ကားပေါ်က ဆင်းလာကာ
“ဒါရိုက်တာကြီး.. နောက်ဆုံးတစ်ခေါက်အနေနဲ့ပဲ ထပ်ပြီး တောင်းပန်ပါရစေ..ကျွန်တော်တစ်ယောက်ထဲ ရှက်ပြီး အထင်လွဲမိလို့‌ တောင်းပန်ပါတယ်ဗျာ”

“...”

“တောင်းပန်စရာမလိုပါဘူး..”

“အဲ့တာဆို ကျွန်တော် ပြန်တော့မယ်နော်ဗျ..ကောင်းသောညပါ..”

ဂျီဆူးကို ကျောခိုင်းက လှည့်ထွက်သွားသည့် ထိုအမျိုးသား၏ ကျောပြင်အား ကြည့်ရင်း ယခု ဒီအခိုက်အတန့်လေး‌တွင် ထိုအမျိုးသားအား ဖမ်းမဆွဲထားလျှင် နောက်ထပ်အခွင့်အရေးဆိုတာမျိုးက မရှိတော့‌ပြီဟု ဂျီဆူးတစ်ကိုယ်လုံးရှိ ဆဲလ်များက ဦးနှောက်ဆီ သတင်းပို့နေလေပြီ။

နွေဦးတွင် တစ်ခါတစ်ရံ လေနှင့်အတူ လွင့်ပါလာတတ်သည့် ဖြူစွတ်စွတ် ဒုဒလီပန်းပွင့်ဖတ်လေးကို လက်ဖြင့် လှမ်းဖမ်းဆုပ်လိုက်သလိုမျိုး
ရှိသမျှ သတ္တိနှင့် ဦးနှောက်ဆဲလ်များ၏ ပေါင်းစပ်အလုပ်လုပ်မှုဖြင့်
ထိုအမျိုးသား၏ လက်အား အမြန် လှမ်း၍ ဖမ်းဆွဲထားလိုက်မိပါ၏။

“ခဏလေး..ဆော့မင်..”
“ကိုယ် ပြောစရာလေး ရှိလို့”

“ဟုတ်ကဲ့..ပြောပါဗျ”

“အဆင်ပြေတယ်ဆိုရင်လေ..အင်း..
ကိုယ် ဆော့မင်ကို လိုက်လို့ ရမလား..?”

_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠_⁠_⁠_⁠_⁠_⁠__⁠_⁠_⁠

[Complete] Eternal Cherish💟 (SeokSoo)Donde viven las historias. Descúbrelo ahora