လက်ကျန်လရောင်
ပုညခင်
🌸🌸🌸🌸🌸
#ပြာသိုလ
#ခွာညိုပန်း🌸🌸🌸
အိမ်တံခါးကို ဖွင့်လိုက်လျှင် လရောင်သည် အိမ်အတွင်းသို့ ဖြာလင်း၍လာလေသည်။ လရောင်အောက်တွင် ဇွန်ပန်းရုံကလေးကို ထင်ထင်ရှားရှား မြင်ရသည်။ အဝါရောင်ပန်းတို့ ပွင့်သည့် ပြည်ပန်းညို ပင်ကလေးကတော့ ဇွန်ပန်းရုံကလေးကို အုပ်မိုး၍ထားလေသည်။ ထို ပြည်ပန်းညိုပင်ကလေးနှင့် ဇွန်ပန်းရုံကလေးအောက်မှာတော့ မြကျေးရုံ ရေချိုးသည့်နေရာကလေး ရှိပါသည်။ မြကျေးတို့ မင်းနန်းသူရွာကလေး မှာတော့ ချိုးရေ သုံးရေ ထည့်သည့် ရာဝင်စဉ့်အိုးကြီးတွေကို အိမ်ရှေ့မှာပင် ထားလေ့ရှိသည်။ သမီးနှစ်ယောက်မွေးထားသော အဖေက ထိုနေရာလေးကို လုံခြုံအောင် ဇွန်ပန်းပင်ကလေးနှင့် ပင်ပျိုကလေးတွေပျိုးကာ ကာကွယ်ပေးထားခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်လောက်ကမှ စ၍ အိမ်ရှေ့မှာ ရေချိုးဖို့ရှက်လာမိသော မြကျေးရုံအတွက်တော့ ထိုဇွန်ပန်းရုံကလေးက ကျေးဇူးတင်စရာ ကောင်းသည်။
မြကျေးရုံတို့ အိမ်ခြံဝိုင်းက အတော်ပင် ကျယ်ဝန်းသည်။ ကျယ်ဝန်းတာကိုသာသိသော်လည်း အတိုင်းအတာ ပမာဏကိုဖြင့် မြကျေး မပြောတတ်။ မြကျေးတို့ဝိုင်းထဲမှာ နွားစာစည်း၊ နွားတင်းကုပ်၊ နွားစာစဉ်းသည့် နေရာတွေလည်း ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။ နွားစာစဉ်း သည့်နေရာအနီးမှာ ရာဝင်စဉ့်အိုးကြီးတွေ ချထားသည်။ မြကျေးတို့ ဝိုင်းထဲက ရာဝင်စဉ့်အိုးတွေအားလုံးကို အာနန္ဒာဘုရားပွဲဈေးက ဝယ်ခဲ့ရတာ ဖြစ်သည်။ ကျောက်မြောင်းအိုးတွေဟု အမေပြောသံကြားဖူးသည်။ အိုးဆိုလို့ အာနန္ဒာဘုရားပွဲဈေးက အိုးဈေးတန်းကြီးကို သတိရကာ မြကျေးရုံက ပျော်သလိုလိုဖြစ်လာသည်။ အိုးဈေးတန်းမှာ အိုးပုတ်၊ ချိုးရုပ်လေးတွေ ဝယ်ခဲ့ဖူးတာကို သတိရလာသည်။ အိုးပုတ်ကလေးတွေက သိပ်လှတာပဲ။ ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံပဲလေ။ ချက်ပြုတ်တမ်း ကစားလို့ရသည့် ဒယ်အိုး၊ ဟင်းအိုး၊ ရေအိုးကလေး၊ ချိုးရုပ်ကလေး၊ ပစ်တိုင်းထောင်ရုပ်၊ ဆင်ရုပ် စုဘူးကလေးတွေ ... ။ ပန်းအိုးအလှကလေးတွေ...။ မြင်မြင်သမျှ လိုချင်စရာချည်းပဲမို့ အမေ့ထဘီစကိုဆွဲကာ ပူဆာခဲ့ဖူးတာကို သတိရလာသည်။ ဒီနှစ် အိုးပုတ် ချိုးရုပ် ဝယ်လျှင်တော့ အမေက "ဟင်း ... ကလေး မဟုတ်တော့ဘူးနော်" ဟု မျက်စောင်းထိုးကာ ပြောလေမလား ...။