လက်ကျန်လရောင် - အပိုင်း (၄)
ပုညခင်
🌸🌸🌸🌸🌸
#တပေါင်းလ
#သရဖီပန်း🌸🌸🌸
"ပုန်းမကြည် အရှင်သခင်မ ဒီမှာဝတ်ပါ၊ ဒီမှာစားပါ၊ ရွှေချေး ငွေချေးလည်း ယိုခဲ့ပါ၊ ရွှေအိုး ငွေအိုးလည်း မြှုပ်ခဲ့ပါ၊ ကြွယ်ဆုကိုလည်း ပေးပါ၊ ဝဆုကိုလည်း ပေးပါ"
အဘွား၏ အသံကလေးသည် အိမ်အပြင် အမှောင်ထဲမှ အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။ အချိန်က ည ၈ နာရီခန့် ရှိခဲ့ ပြီဖြစ်သည်။ လက သုံးရက်လမှ ခုံးမျက်စလောက်ကလေးသာ မြင်ရသည် ဖြစ်ရာ တပေါင်းလဆန်း ၂ ရက်နေ့ ညသည် လရောင်ကင်းကာ မှောင်မိုက်လျက်ရှိသည်။ အိမ်အတွင်းမှ မီးခွက် အလင်းရောင် တချို့သည်သာ အိမ်အပြင်ခြံထဲသို့ ခပ်ဖျော့ဖျော့ အလင်းကူးနေသည်။ အမေက အဘွား၏ နောက်မှ ထက်ကြပ်လိုက်၍ ဓာတ်မီးထိုးထားသဖြင့်သာ အိမ်ကိုပတ်၍ ခြံတွင်းမှာ လမ်းလျှောက်နေသော အဘွား၏အရိပ်အယောင်ကို ခပ်ဝါးဝါး မြင်ရခြင်း ဖြစ်သည်။ အဘွား၏ ဘယ်လက်တစ်ဖက်မှာတော့ ငွေဖလား, ခပ်သေးသေးတစ်လုံးကို ကိုင်ထားသည်။ ထိုဖလားလေးထဲမှာ ကရမက်နှင့် နံ့သာဖြူတွေ သွေး၍ထည့်ထားသည်။ ထိုအမွှေးရည်ရဖို့ မြကျေး လက်မောင်းလေးတောင့်အောင် နံ့သာဖြူသားကို သွေးပေးခဲ့ရသည်။ အဘွား၏ ညာလက်မှာတော့ ပုန်းမကြည်ပန်းနှင့် ဒေါနပန်းခက်တွေကို ကိုင်ထားသည်။ အဘွားသည် ပါးစပ်ကလည်း တတွတ်တွတ်ရွတ်ရင်း ပန်းခက်ကလေးများကို အမွှေးရည်ခွက်ထဲသို့ နှစ်လျက် အိမ်ပတ်ပတ်လည်ကို ဖျန်းပက်နေ သည်။ ညက မှောင်မည်းနေကာ အမေထိုးပြထားသည့် ဓာတ်မီးရောင် အလင်းအောက်မှာ ဖြာခနဲ ဖြာခနဲ ဖြစ်သွားသည့် အမွှေးရည်များကို မြင် ရသည်။ ပန်းခက်ကလေးတွေ လှုပ်ယမ်းသွားတာကို မြင်ရသည်။ ဤ ညကား ပုန်းမကြည်အရှင်မကို ပင့်ဖိတ်ရသည့် ညပင် ဖြစ်လေသည်။ ထိုညမှာ မြကျေးတို့ တစ်အိမ်သားလုံး စကားကျယ်ကျယ် မပြောကြ။ ငြိမ်ငြိမ်ဆိမ်ဆိမ်ပင် နေကြသည်။ တပေါင်းလဆန်း ၂ ရက် နေ့ ဒီလိုညမှာ အရှင်မကို အိမ်သို့ပင့်ဖိတ်ထားသဖြင့် အရှင်မကို ရိုသေလေးစားသောအားဖြင့် တိတ်ဆိတ်စွာနေကြရသည်။ မြကျေးတို့က နှစ်စဉ် ပူဇော်ပသနေကျမို့ ရိုးနေပြီဖြစ်သော်လည်း ဆူးပုပ်ကတော့ မျက်လုံးလေး အပြူးသားဖြင့် အဘွားကို လှမ်းကြည့်နေရင်းက မြကျေးကို မော့ကြည့်ကာ ...