လက်ကျန်လရောင် - အပိုင်း (၆)
ပုညခင်
🌸🌸🌸🌸🌸
တစ်စတစ်စ နက်ရှိုင်းလာသော နွေနှင့်အတူ မင်းနန်သူ တစ်ဝိုက်မှာတော့ အပင်တို့ ညှိုးခြောက်၍နေလေပြီ။ အဝါခြောက်ရောင် ထနောင်းပင်တို့သည် ပို၍မွဲသွေ့ လာကာ ရိုးတံပြိုင်းပြိုင်းထလျက် အရွက် တစ်စ မရှိပြီ။ မြကျေးတို့ နွားစာစည်ထဲမှာ သိုမှီးထားသော နွားစာတို့လည်း ကုန်ခန်းစပြုလေပြီ။ ထိုအခါ မြကျေးတို့အိမ်က နွားတွေကို ရွာပြင်ထုတ်၍ ကျောင်းရ၏။ မြကျေး နွားကျောင်းသည့်အခါ ထုံးစံအတိုင်း ဆူးပုပ်က အဖော်ဖြစ်ရ၏။ နွားစာကျွေးဖို့ ကန္တာရသီးတွေ လိုက်ကောက် ရသည်လည်း ရှိလေသည်။ ...
မင်းနန်သူနှင့် ဖွားစောတစ်ဝိုက်မှာတော့ ကန္တာရပင်တွေ များလှ၏။ သူ့ဆူးက အဆိပ်ပြင်းသဖြင့် ဆူးမစူးအောင် သတိထားရင်း ကြွေကျနေသည့် ကန္တာရသီးတွေကို နွားကျွေးဖို့ ကောက်ရသည်။
"မောင်လေး ... သတိထားကောက်နော်၊ ကန္တာရဆူးစူးမယ်၊ ကန္တာရ ဆူးက အဆိပ်ရှိတယ်၊ အကိုင်းကျိုးကျနေသလား သေချာကြည့်၊ မနင်းမိစေနဲ့ ..."
"ဟုတ်ကဲ့ မမ"
ဆူးပုပ်ကလေးက သွက်လက်စွာဖြင့်ပင် ကန္တာရသီးခြောက် တွေကို ခြင်းကလေးထဲသို့ ကောက်ကောက်ထည့်၏။ လေးမျက်နှာကျောင်းတိုက်ရှေ့ သဲလမ်းနံဘေးရှိ ကန္တာရပင်မှ ကြွေကျသော အသီးတို့ကုန်လျှင် ဘုရားသုံးဆူဘက်သို့ဆက်၍လျှောက်ခဲ့၏။ ဘုရားသုံးဆူနံဘေးက ထနောင်းပင်အောက်မှာ ခဏထိုင်ကာ နားရ၏။ ပူလွန်းလှလျှင်တော့ အေးငြိမ်းရာ ဘုရားအတွင်းသို့ဝင်ကာ နားရ၏။ နားရင်းက အလင်းတစ်ပိုင်းတစ်စ ဝင်ရာ နံရံဆီမှ လှပသော နံရံဆေးရေးပန်းချီများကို လက်ညှိုးညွှန်ကာ ဆူးပုပ်ကို ပြရ၏။ သမ္ဘူလဘုရားဝင်းအတွင်းသို့ဝင်ကာ နားသည့်ရက် တွေမှာတော့ မြကျေးကို အဖေ ပြခဲ့စဉ်က ဟန်ပန်မျိုးဖြင့် ဂူဘုရားနံရံ တွေဆီ လက်ညှိုးညွှန်ကာ ဟောဒါက နံရံပန်းချီ၊ ဟောဒါက မင်စာဟု ပြမိတော့ ဆူးပုပ်က ပါးစပ်ကလေး အဟောင်းသားဖြင့် မော့ကာငေးရင်း လူကြီးဟန်ပန်ဖြင့် ခေါင်းတွေညိတ်ကာ နှုတ်ကတော့ "သူတို့က ဘာလို့ စာရွက်ပေါ်မှာ မရေးတာလဲ"ဟု ကလေးပီသစွာသော မေးခွန်းကို မေးလေသည်။