လက်ကျန်လရောင် - အပိုင်း (၇)
ပုညခင်
🌸🌸🌸🌸🌸
ဇွန်ပန်းဖြိုင်ဖြိုင် ပွင့်သည့် ကိုးတန်းနှစ် ကျောင်းတက်ရက်များကတော့ ပင်ပန်းသောရက်များ ဖြစ်ခဲ့သည်။ အနောက်ဖွားစောရွာ ကျောင်းက အလယ်တန်းအထိပဲရှိသဖြင့် ကိုးတန်းမှစကာ ပုဂံမြို့သစ် အထက်တန်းကျောင်းမှာ သွားတက်ရသည်။ မနက်ဆို အဖေနှင့် သမီး စက်ဘီးနှစ်စီးက အိမ်မှ အတူထွက်ကြသော်လည်း ရွာအထွက်မှာပင် လမ်းခွဲကာ အဖေက မြို့ဟောင်းက သူ့ ရုံးသို့တစ်လမ်း၊ သမီးက မြို့သစ်ကျောင်းသို့ တစ်လမ်း။
မိုးရွာသည့် ရက်တွေမှာတော့ အိမ်မှမထွက်မီ အမေ့အသံကို ဆူဆူညံညံ ကြားရတတ်သည်။
"ကောင်မလေး ...... မိုးကာကို သေချာဝတ်စမ်း၊ ကြယ်သီးသေချာ တပ်လေ၊ မိုးတွေကလည်း ရွာလိုက်တာအေ၊ မိုးရွာကြီးထဲ အဝေးကြီးနင်းရမှာ၊ အဲ့ဒါကြောင့် ညည်းကို ညည်းအဒေါ်တို့အိမ်ကနေ နီးနီးနားနား ကျောင်းသွားတက်ဖို့ ပြောတာပေါ့၊ ပြောစကား နားမထောင်တော့ ပင်ပန်းရပြီပေါ့အေ့ .."
"သူများအိမ်မှာ သွားမနေချင်ပါဘူး အမေရယ်၊ စိတ်ကျဉ်းကျပ်ပါတယ်"
"သူများ၊ ဘာ သူများလဲ၊ ညည်းအဒေါ်ပဲလေ၊ ဆွေမျိုးအရင်းကြီး"
"ဆွေမျိုးဆိုပေမဲ့ ကိုယ့်အိမ်ကိုယ်နေသလိုတော့ ဘယ်ပျော်စရာ ကောင်းပါ့မလဲ အမေရဲ့၊ ဘာလဲ ... အမေက မြကျေးကို တင်ကျွေး ထားလို့ ဝန်လေးသွားပြီလား ..."
"အောင်မာ.... ငါ့ကိုများ စကားနာထိုးနေသေး၊ သွား ... သွား .... ကျောင်းနောက်ကျနေဦးမယ်"
မြကျေးက အမေ့ကို နောက်ပြောင်စကားဆိုပြီး စက်ဘီးနင်း ထွက်လာခဲ့သည်။ မြို့သစ်ကျောင်းကိုရောက်ဖို့ နာရီဝက်လောက်တော့ နင်းရပါဦးမည်။ ဒီနေ့တော့ အစည်းအဝေးရှိလို့ဟုဆိုကာ အဖေက စောစောသွားနှင့်ပြီ ... ။
မြကျေးသည် ခုလို ကျောင်းသွားချိန်များမှာ ဆူးပုပ်တစ်ယောက်ကော ကျောင်းပြန်တက်ခွင့်မှ ရပါ့မလားဟု တွေးမိတတ်သည်။ မြစ်ခြေက ဒေါ်ကြင်မေဆီမှာပဲလား၊ သူ ပြောဖူးသည့် ဆယ်လန်တို့ ကျွန်းသီရိတို့မှာလား၊ ဒါမှမဟုတ် ညောင်ဦး တစ်ဖက်ကမ်းက တံငါတဲ တွေမှာလား။
![](https://img.wattpad.com/cover/375738714-288-k811318.jpg)