အပိုင်း ၁၀

1 0 0
                                    

လက်ကျန်လရောင် - အပိုင်း (၁၀)

ပုညခင်

🌸🌸🌸🌸🌸

နောက် ၇ နှစ် ကြာသောအခါ

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်

🌸🌸🌸

ရန်ပြေအေးသည် လောကနန္ဒာဘုရားဘက်သို့ ဦးတည်ကာ စက်ဘီးကို ခပ်သွက်သွက်နင်း၍ လာလေသည်။ သူ့ စက်ဘီးလက်ကိုင်မှာတော့ စကားဝါပန်းတွဲလေးတစ်တွဲ လူးလွန့်ချိတ်တွဲ၍ပါလာသည်။ ပုပ္ပားကို ခရီးသည်လိုက်ပို့သည့် ကားမောင်းသော ဦးလေးကြီးကို မှာပြီး ဝယ်ရသည့် မမကြိုက်သည့် စကားဝါပန်း။ စကားဝါပန်းမှ မဟုတ်ပါဘူးလေ... ရာသီအလိုက်ပွင့်သည့် ဘယ်ပန်းကိုမဆို မမက ကြိုက်သည်။ ခက်ခက်ခဲခဲ မှာဝယ်ထားရသည့် ဒီပန်းတွဲကလေးကို မမပန်ဖို့ ပေးချင်သည်။ ပြီးတော့ သူ ဒီနေ့ ဆယ်တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့ကြောင်းကိုလည်း မမကို အရင်ဆုံးပြောပြချင်သည်။ သို့သော် သူအိမ်ပြန် ရောက်တော့ မမက ရုံးမဆင်းသေး...။ ရုံးဆင်းချိန်ရောက်လို့ သူ ရုံးရှေ့မှာ သွားကြိုနေတော့ မမက အိမ်ပြန်သွားပြီဟု ဆိုသည်။ အိမ်ကို ပြန်လာကြည့်တော့လည်း မမက ခုနလေးကမှပြန်ရောက်လာပြီး လောကနန္ဒာဘုရားကို လမ်းလျှောက်ထွက်သွားသည်ဟု ဆိုလေသည်။ သူ့မှာ မမနှင့်တွေ့ချင်လွန်းလှတာမို့ မောလို့တောင် နေရလေသည်။ ရန်ပြေအေးက လောကနန္ဒာဘုရားအဝင် မုခ်ဦးဘက်သို့ ချိုးကွေ့ ကာ ဘုရားခြေရင်းသို့ စက်ဘီးသွက်သွက်နင်းလာရင်း ဧရာဝတီမြစ်ကြီးဆီ လှမ်းမျှော်ကြည့်မိသည်။ နွေရာသီဖြစ်၍ မြစ်ထဲမှာ ရေနည်းလှကာ သောင်တို့ပင် ပေါ်ထွန်းနေခဲ့လေပြီ။ ဒီမြစ်နှင့် ဒီသောင်တွေက သူ့ ငယ်ဘဝကို အမှတ်တရ ဖြစ်စေတုန်းပါပင်။

ဘုရားခြေရင်းရောက်တော့ သူက စက်ဘီးကို ရပ်လိုက်ပြီး စက်ဘီးလက်ကိုင်မှာ ချည်လာသည့် စကားဝါပန်းတွဲလေးကို ဖြုတ်ယူ လိုက်သည်။ ဘုရားပေါ်တက်သည့် လှေကားထစ်တွေနားမှာ ပုစွန်ကြော် ရောင်းသည့် အဒေါ်ကြီးက သူ့ကို လက်လှမ်းပြကာ လှမ်းမေးသည်။

"ဟေး ရန်ပြေ၊ စာမေးပွဲ ဖြေနိုင်လားဟေ့"

"ဖြေနိုင်တယ်ဗျို့ ...... ၊ ဂုဏ်ထူးတွေတောင် ထွက်မှာဗျို့၊ ကျွန်တော် ဂုဏ်ထူးထွက်ရင် ဒေါ်ကြီး ပုစွန်ကြော် ဘယ်နှစ်ခု ကျွေးနိုင်မလဲ သာပြော"

လက်ကျန်လရောင်Where stories live. Discover now