လက်ကျန်လရောင် - အပိုင်း (၁၂)
#ပုညခင်
🌸🌸🌸🌸🌸
မြကျေး မင်းနန်သူက ပြန်ခဲ့သော တစ်ရက် လမ်းခုလတ်မှာ ရန်ပြေနှင့်ဆုံသည်။ စက်ဘီးချင်း မျက်နှာချင်းဆိုင်ဆုံတော့ မြကျေးရော သူပါ စက်ဘီးပေါ်မှ ဆင်းလိုက်ကြရင်း ...
"ရန်ပြေ ဘယ်သွားမလို့လဲ .... "
"မမကို လာကြိုတာလေ"
"ရော်.. လာမကြိုပါနဲ့လို့ ပြောထားတာကို ဒီကလေး နားမထောင် ပါလား ..."
"ကလေးဆိုရင်တော့လည်း မမပြောသမျှ နားထောင်တာပေါ့၊ ကလေးမဟုတ်လို့ နားမထောင်တာလေ၊ မမ ပြန်လာချိန်ကိုလည်း ကြည့်ဦးလေ၊ ညနေပဲ စောင်းနေပြီ"
"ငါ ဒီအချိန် အမြဲပြန်နေကျပဲ ဘာဆန်းလို့လဲ"
"ကျွန်တော်လည်း ကြိုချင်လို့ကြိုတာပဲ ဘာဆန်းလို့လဲ ..."
"ရော် .."
"မရော်ဘူး"
ပြုံးစိစိနှင့် စနောက်နေသည့် ရန်ပြေကိုကြည့်ရင်း မြကျေးက ရယ်မောမိပါသည်။ အဲ့ဒီနောက်တော့ စက်ဘီးနှစ်စီး အတူယှဉ်နင်းရင်း ပုဂံမြို့သစ်ဘက်သို့ ဦးတည်လာခဲ့ကြသည်။ အနောက်ဖွားစောရွာ အလွန်
လောက်မှာ သံပျင်စွာဘုရားဘက်သို့သွားသည့် လမ်းကလေးနားက ဖြတ်လာတော့ မြကျေးက ရန်ပြေ့ကို လှမ်းကြည့်ရင်း..."ရန်ပြေ .. မမတို့ငယ်ငယ်တုန်းက ရွာအနီးအနားကို လျှောက်သွားပေမဲ့ ဒီဘုရားကိုတော့ မရောက်ဘူးနော် ..."
"ဘယ်ဘုရားလဲ မမ"
"သံပျင်စွာလေ"
"ဟုတ်တယ် မမ၊ ကျွန်တော်တို့ မရောက်ဖူးဘူး၊ သံပျင်စွာဆိုတာ ဘာအဓိပ္ပာယ်လဲ မမ သိလား ..."
"သံပျင်ဆိုတာကတော့ အမတ်ငယ်လို့ အဓိပ္ပာယ်ရတာပဲ၊ ကလန် သံပျင်တို့ ဘာတို့ မောင်လေး ကြားဖူးတယ် မဟုတ်လား"
"ကြားဖူးတယ် မမ၊ အဓိပ္ပာယ်တော့ မသိဘူး"
"ကလန်ဆိုတာက သံပျင်အောက် တစ်ဆင့်နိမ့်တဲ့ ရွာလူကြီးအကြီး အကဲပေါ့ ..."
"သံပျင်စွာက အမတ်တည်ခဲ့တဲ့ ဘုရားလား မမ"
"အဲဒီလိုတော့ ယူဆလို့ရတာပဲ၊ ကျောက်စာအထောက်အထား မရှိတော့ သေချာတော့ ပြောလို့မရဘူးပေါ့"