အပိုင်း ၂

331 10 0
                                    

လက်ကျန်လရောင်

ပုညခင်

🌸🌸🌸🌸🌸

"သီးနှံအထွက်တိုးအောင် မစကူညီတော်မူပါဘုရား..."

အမေက ထုပ်ယူလာသည့် မျိုးစေ့အထုပ်လေးကို ဘုရားတွင် ကပ်လှူကာ တီးတိုးဆုတောင်းလိုက်၏။ အမေ့နားတွင် ကျုံ့ကျုံ့လေး ထိုင်ကာ လက်အုပ်ချီထားသော မြကျေးကလည်း အမေ့လိုပင် ဆုတောင်း လိုက်သည်။ ဘုရားဝတ်ပြုကန်တော့ပြီးနောက် ထိုမျိုးစေ့ထုပ်ကလေးကို စွန့်ယူလာကာ ဘုရားပရဝဏ်အပြင်ဘက်သို့ ထွက်လာပြီး ကျီး၊ ငှက် ခိုကလေးတွေကို ကြဲပက်၍ကျွေးလိုက်လေသည်။ ဒါက သပိတ်လုံးမလောင်းလှူမီ ဘုရားမှာ အရင်ပြုရသော ကုသိုလ်ဖြစ်သည်။

မြကျေးသည် ငှက်စာကလေးတွေ ကြဲပက်ကျွေးရင်း နှုတ်မှလည်း "ငှက်လေးတွေရေ... နင်တို့ကို ငါ အစာကျွေးတဲ့အတွက် ငါတို့ သီးနှံတွေလည်း အထွက်တိုးပါစေ"ဟု တီးတိုးရေရွတ်နေမိသည်။ မြကျေး ငှက်စာကျွေးနေသည်ကို လှမ်းကြည့်နေသော အဖေက မြကျေးနားသို့ လျှောက်လာကာ...

"သမီး မြကျေး ... ဘာတွေ တီးတိုး တီးတိုး ရွတ်နေတာလဲ"

"သမီးတို့ယာမှာ သီးနှံအထွက်တိုးဖို့ ဆုတောင်းနေတာပါ အဖေ၊ အဲဒီလို ကုသိုလ်လုပ်ရင် အထွက်တိုးတယ်လို့ အမေကပြောတယ်"

"ဒါဆို သမီးက ငှက်ကလေးတွေ ကောင်းဖို့ အစာကျွေးတာလား၊ သမီးကောင်းဖို့ အစာကျွေးတာလား..."

မြကျေးက အဖေ့မေးခွန်းကို မဖြေတတ်ပေ။ အဖေက ပြုံးကာ မြကျေးခေါင်းလေးကို ပုတ်လိုက်ရင်း...

"လှူတယ် တန်းတယ်ဆိုတာ ကိုယ်ပေးလှူလိုက်တဲ့သူတွေရဲ့ လိုအပ် ချက်လေးတွေ ပြည့်သွားပါစေ...... အဆင်ပြေပါစေ ဆိုတဲ့ စိတ်နဲ့ ကိုယ့်မှာရှိတဲ့ ပစ္စည်းဥစ္စာထဲက မျှဝေပေးရတာမျိုးပဲ သမီးရဲ့၊ ငါ့ သီးနှံတွေ အထွက်တိုးဖို့ လှူလိုက်မယ်ဆိုတာမျိုး မတွေးရဘူး၊ ကိုယ့်လိုအပ်ချက်ကို ရှေ့တန်းတင်တဲ့စိတ်ထားမျိုးနဲ့ မလှူရဘူး၊ နောက်ပြီးတော့ မြတ်စွာဘုရားဆီကနေ ဘာမစပါ၊ ညာမစပါဆိုတာမျိုး ပူဆာသလို ဆုမတောင်းရဘူး၊ စိတ်စေတနာလေး ဖြူဖြူသန့်သန့်နဲ့ လှူလိုက် တန်းလိုက်ရင် သမီးရဲ့ စိတ်စေတနာလေးကြောင့် သမီးမှာ စိတ်အေးချမ်းသွားတယ်၊ အေးချမ်းတဲ့ ပီတိစိတ်လေးကြောင့်ပဲ သမီးလုပ်သမျှလေးတွေ အဆင်ပြေလာမယ်၊ ကံကောင်း လာမယ်၊ စေတနာသည် ကံမည်ပါ၏တဲ့ သမီးရဲ့၊ ကိုယ်ထားလိုက်တဲ့ စိတ်စေတနာအပေါ် မူတည်ပြီး ကံကောင်း ကံဆိုးဆိုတာလည်း ဖြစ်လာတတ်တယ်၊ သမီးရဲ့ကုသိုလ်လေးတွေကို သမီး ယုံကြည်တဲ့ စိတ်ကလည်း သမီးစိတ်ကို လုံခြုံစေနိုင်တယ်လေ..."

လက်ကျန်လရောင်Where stories live. Discover now