အပိုင်း { ၁ }

1.2K 121 201
                                    

Zawgyi

နီဆွေးဆွေးသူရိန်ဟာအနောက်အရပ်သို့ တဖြည်းဖြည်းတိုးဝင်လာသည်။ငှက်ငယ်တို့ဟာလည်း အုပ်စီဖွဲ့ကာ အသိုက်ရှိရာသို့ တေးသံကြူးရင်း ပုဇွန်ဆီရောင် ကောင်းကင်ထက် ပျံသန်းနေပြီဖြစ်သည်။တဖန် အရိပ်မျှသာ မြင်ရသည့် သုံးရက်စအရွယ် လခြမ်းငယ်သည် ထင်းထွက်လာကာ လောကတစ်ခွင် အေးချမ်းခြင်းကို ဆောင်ယူလာသည်။

သို့‌သော် နွေရာသီအကုန်ဖြင့်လင့်ကစား အပူရှိန်ဟာတော့ လျော့သည်ဆိုရုံမျှရှိသည့် မန္တလေးမြို့ကြီး။ခြစ်ခြစ်တောက်ပူသည်မဟုတ်သော်ငြား ဖြတ်သွားဖြတ်လာတွေရဲ့ နှုတ်ဖျားမှ သက်ပြင်းချသံအဖြာဖြာနဲ့အတူ မျက်နှာတစ်ဝိုက်ရှိချွေးစေးတို့က သက်သေသာဖြစ်သည်။အထူးအဆန်းတော့မဟုတ်ပါလေ။မန်းလေးသားမှန်ရင် ဒီလောက်အပူဒဏ်ဟာ မပြောပလောက်။

"ချီးဘဲ ! မိုးချုပ်ခါနီးတောင် ပူတုန်း ! လေလေးဘာလေးတိုက်ပါလားကွာ !"

"မန်းလေးသာဖြစ်ပြီး ညီးမနေနဲ့ ဟေ့ကောင်! "

"သွားမပြောနဲ့လေကွာ အဲ့ကောင်က မျိုးမစစ်လေးဟာ !"

"ဟားခါးကကောင် မန်းလေးရောက်မှတော့ ဘယ်စစ်မလဲကွ! ဟားဟားးး!"

တဟားဟားအော်ရယ်သံတွေဟာ ကတ္တရာလမ်းတစ်လျှောက်ညံနေသည်။အားကုန်သုံးကာ အသံတွေထွက်သည်အထိ နင်းလာသည့် စက်ဘီးတွေရဲ့အရှိန်နောက် ထိုစနောက်သံတွေဟာ ကပ်ပါလျက်။ရပ်ကွက်ထဲရှိ လူတွေအတွက်တော့ အသားကျနေပါပြီ။ညနေစောင်းဆို ကျူရှင်သို့မဟုတ် ဘောလုံးကွင်းက ပြန်လာနေကျဖြစ်သည့် လူပျိုပေါက်ကလေးတွေဆီမှလွဲ ဘာရှိလိမ့်မလဲ။စနောက်ရသည့်အကြောင်းမှာလည်း ထိုအုပ်စုထဲရှိ လွန်ခဲ့သော နှစ်နှစ်ကမှ ဟားခါးကနေ ပြောင်းလာသည့် ကလေးအား ‌နောက်ပြောင်ကြခြင်းသာ။

ကျွီ!

လမ်းအဆုံးမရောက်ခင် သုံးခြံမျှအလိုတွင် စက်ဘီးရပ်သံတွေ တကျီကျီထွက်သွားသည်။ဘေးသို့ ငဲ့ကြည့်လိုက်လျှင် ဝင့်နေသော အဖြူရောင် နှစ်ထပ်ခွဲတိုက်ကြီးနဲ့အတူ ခြံဝန်းကျယ်ကို မြင်ရပေမည်။သက်ဆိုင်သူဟာ ရွှေရောင်ကြွနေသည့် ခြံတခါးအမြင့်ကြီးရှေ့ရောက်သည်နှင့် အလိုက်တသိဖွင့်ပေးလာသည်မို့ စက်ဘီးလေးအား တွန်းကာ ဝင်ရုံသာ။

My Beloved DOCTOR Where stories live. Discover now