အပိုင်း { ၃ }

858 96 134
                                    

Zawgyi

တက္ကသိုလ်ကျောင်သားတွေရဲ့ ညချမ်းဟာ အမြဲတမ်းသာယာနေမည်လို့ ယူဆလျှင်မှားလိမ့်မည်။အဆောင်သားအချင်းချင်း စကားဖောင်ဖွဲ့ ရှေးဟောင်းနောက်ဖြစ်ပြောကြခြင်းတွေ၊အတူတူ စားသောက်ကြခြင်းတွေ၊မိန်းကလေးအဆောင်ရှေ့ အုပ်စုဖွဲ့သီချင်းသွားဆိုကြခြင်းတွေက ရှိပေငြား ကာလတော့ကွာသည်။အခုလို စာမေးပွဲနီးလာသည့်အခါမျိုးဆို အသံညံညံအစား စာအော်ကျက်သံတွေသာ အစားထိုးဝင်လာတတ်သည်မို့။

ည၁၂နာရီဖြစ်လင့်ကစား လေတိုးသံတဝီဝီနဲ့ သစ်ရွက်လှုပ်သံတို့က ရှင်းလင်းနေကာ တစ်ခါတစ်ခါခွေးအူသံရှည်ကြီးကပါ ထိုးထွက်လာတတ်သေးသည်။ယူပုံသဏ္ဍာန်သုံးထပ်ဆောင့်ရဲ့ အပေါ်ဆုံးထပ်ရှိညာဘက်အစွန်းကျဆုံးအခန်းတွင်မူ စကားပြောသံသဲ့သဲ့က ခုထိရှိနေသေးသည်။

"ယုကိုရဲ့မောင်ကို guideပြန်လုပ်ပေးမလို့ဆို ~ မင်းမှာ အချိန်ရှိသေးလို့
လား ?"

ခွန်းထယ်က တိမ်ယံတို့အား စာရှင်းပြပြီးနောက် အိပ်ယာပေါ်တွင် ဝင်လှဲနေပြီဖြစ်သည်။သုံးယောက်တစ်ခန်းနေကြတာဖြစ်ပြီး တစ်ယောက်တစ်ကုတင်စီပဲဖြစ်ကာ ခွန်းထယ်ကတော့ ထောင့်စွန်းတွင်သာ တိတ်တဆိတ်နေတတ်သည်။ညညဆို အခုလိုအိပ်ချိန်တိုင်း စကားစမည်ပြောနေကြမို့ မျက်ဝန်းတွေမှိတ်ထားပြီဖြစ်တဲ့ ခွန်းထယ်အား အလယ်ကုတင်ရှိ တိမ်ယံက တစ်ချက်မျှအကဲခတ်ကာ မေးလိုက်ခြင်းဖြစ်သည်။

"ရှိလို့ပေါ့ ~"

ခတ်ပြတ်ပြတ်ဖြေဆိုသံက ဘာခံစားချက်မှမပါသလို ပကတိတည်ငြိမ်နေသည်။

"မင်းကွာ ပိုက်ဆံမရှိတာလည်းမဟုတ်ဘူး ~ အချိန်ပိုတွေလည်း များများမရှိဘဲ ဘာလို့ အဲ့ကောင်လေးကို သင်ပေးဖို့ လက်ခံလိုက်လဲ တွေးတောင်မတွေးတတ်ဘူး ~"

စိုင်းရတုက ခွန်းထယ်ကိုကြည့်ကာ မချိတင်ကဲရေရွတ်သည်။ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ ဒီကောင်!

ခွန်းထယ်က နယ်ဘက်ကလာတာဆိုပေမယ့် မိဘတွေသည် လယ်ဧကတွေရာနဲ့ချီပိုင်သလို ဆန်စက်အပါအဝင် ပွဲရုံဆိုတာတွေလည်း အများကြီး။အခုလို သူတို့နဲ့အဆောင်နေပေမယ့် ကိုယ်ပိုင်ကားကိုတောင် သူ့မိဘတွေက အသွားအလာအဆင်ပြေဖို့ ဝယ်ပေးထားသည်။ဧရာဝတီတိုင်းသားဟာ မန္တလေးမှာ ကျောင်းလာတက်ကတည်းက ထူးဆန်းပေမယ့် မေးလိုက်တိုင်း မန္တလေးကို သဘောကျလို့သာဖြေတတ်သည့်ခွန်းထယ်ကို စိုင်းရတုနာမလည်တာကလည်း သိပ်တော့မဆန်းပါ။ဥပမာ ခုလိုမျိုးပေါ့!

My Beloved DOCTOR Where stories live. Discover now