-2023-
မိုးဥတု၏ မနက်ခင်းတစ်ခုတွင် အရောင်အသွေးစုံလင်လှသော လူထု၏ လှုပ်ရှားသွားလာမှုများ မြင်တွေ့နေရသည်။ ထိုမြင်ကွင်းကို တစ်လခန့်မျှကြာအောင် မြင်တွေ့ပြီးဖြစ်သော်လည်း စိုင်းတည်ငြိမ်ခန့်၏ မျက်လုံးထဲတွင်တော့ သစ်လွင်နေဆဲဖြစ်၏။
စိုင်းတည်ငြိမ်ခန့်တို့ မိသားစုသည် ယခုနှစ်မှ ဤမြို့သို့ ပြန်လည်ပြောင်းလာကြခြင်းဖြစ်သည်။
စိုင်းတည်ငြိမ်ခန့် သုံးနှစ်သားအရွယ်ထိ နေခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဖေဖေ့ရဲ့တာဝန်အရ မြစ်ကြီးနားသို့ ပြောင်းရွှေ့ခဲ့ရသည်။အခု မေမေ့ရဲ့အမေ၏ ကျန်းမာရေးသည် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်လာခဲ့ချိန်တွင်တော့
စိုင်းတည်ငြိမ်ခန့်တို့ သားအမိနှစ်ယောက် ဤနယ်မြို့လေးသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။တာဝန်များနှင့် ဖေဖေကတော့ မြစ်ကြီးနားတွင်သာ ကျန်ရစ်ခဲ့သည်။
ဇူလိုင်လတွင် ရွာသောမိုးသည် ဇွန်လနှင့် လွန်စွာခြားနားလှသည်။
ပိုပြီး သည်းထန်သည်။ ပိုပြီး ကြမ်းတမ်းသည်။ ပိုပြီးလည်း ရက်စက်သည်။
သို့သော် စိုင်းတည်ငြိမ်ခန့် နှစ်သက်လေသည်။
"ကဲ ကိုငြိမ် မိုးကာဝတ်မယ်"ကားပေါ်မှ ကျောင်းထဲသို့ လမ်းလျှောက်ဝင်ရသော တစ်မိနစ်စာအချိန်လေးအတွက် မေမေက သူ့အား မိုးကာဝတ်ခိုင်းလေ့ရှိသည်။
"ထီးပဲ ယူသွားပါမယ်ဆို မယ့်မယ့်(မေမေ)ရာ""မရဘူးနော် ကိုငြိမ် အခု လက်ထိုး"
စိုင်းတည်ငြိမ်ခန့်ကိုဆို ပိုးမွေးသလို မွေးသည်ထက် ပိုမိုနူးညံ့စွာ ထားတတ်သော မေမေသည် စည်းကမ်းလည်း လွန်စွာတင်းကြပ်သည်။
စိုင်းတည်ငြိမ်ခန့် နှုတ်ခမ်းဆူလျက် မိုးကာအား ဝတ်ဆင်လိုက်၏။"သက်မှူးပိုင်နဲ့ပဲ ထိုင်နော် ကိုငြိမ်။ တခြားကလေးတွေနဲ့ ပေါင်းတာ သိလို့ကတော့ မယ့်မယ့်အကြောင်း သိတယ်မလား"
"ဟုတ်"
မေမေသည် စိုင်းတည်ငြိမ်ခန့်၏ နဖူးပြင်အား နမ်းရှုံရင်း ကားတံခါးအား တွန်းဖွင့်ပေးလိုက်သည်။
ဤသည်မှာ စိုင်းတည်ငြိမ်ခန့်၏ ကောင်းသည်လားဆိုသည်လား မသိနိုင်သော ရွှေပေါ်မြတင် သားလှရတနာလေး၏ ဘဝဖြစ်ပါ၏။