ထိုကိစ္စများပြီးနောက်တွင် နန်းဝါလှိုင်သည် သားဖြစ်သူအား အိမ်မှာနေရင်းဖြင့်သာ ဆရာများဖြင့် စာသင်စေသည်။
ကျောင်းအုပ်ဦးသုခနိုင်အား အကူအညီတောင်းရင်း ကျောင်းမတက်ခိုင်းဘဲ နေစေခဲ့သည်။စိုင်းတည်ငြိမ်ခန့် ကျောင်းမသွားသောအခါ နိုလန်ချမ်းသည် ခြံရှေ့သို့ ဆိုင်ကယ်ဖြင့် ရောက်ရောက်လာတတ်သည်။
ပထမရက်တွေတုန်းကတော့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း နန်းဝါလှိုင်က ဖုန်းသိမ်းယူထားသောကြောင့် နောက်ပိုင်းတွင် ခြံရှေ့သို့ ရောက်လာတတ်ခြင်းဖြစ်သည်။ထိုအခါမျိုးတွင် နန်းဝါလှိုင် ကိုယ်တိုင် ဝရန်တာထွက်၍ ရေပုံးဖြင့် ရေ လှမ်းပတ်တာမျိုး၊
ခြံထဲဆင်း၍ ဆားမှုန့်ဖြင့် ပတ်ခြင်း စသည်တို့ကို များစွာ ပြုလုပ်ခဲ့သည်။စိုင်းတည်ငြိမ်ခန့်၏ စာကြည့်စားပွဲသည်လည်း နံရံဘက်သို့ မျက်နှာမူသွားရပြီး ပြတင်းပေါက်အား ကျောပေးလိုက်ရသည်။
ဆိုင်ကယ်သံ ကြားသည့်အချိန်မျိုးတိုင်း သူလှည့်ကြည့်လိုပါသော်လည်း မယ့်မယ့်ဆုံးမထားသော စကားများက သူ့ခေါင်းထဲ ပြည့်နှပ်စိုးမိုးနေခဲ့သည်။ထိုလူကို အလုံးစုံ မမေ့ပစ်နိုင်ရင်တောင်
အနည်းဆုံးတော့ ရင်ထဲသိမ်းထားနိုင်သေးတယ်မလား။
ကိုယ့်ကို ချစ်လည်း မချစ်၊ ယုယမှုလည်း မရှိ၊ ကြင်နာမှုလည်း မရှိသော လူကို ချစ်မိခြင်းသည် ဝဋ်ကြွေးအား ကိုယ်တိုင်ပွေ့ပိုက်မိခြင်းနှင့် တူလေသည်။တစ်သက်လုံး မိခင်စကား မပယ်ရှားခဲ့သော သားပီသစွာ ယခုတစ်ကြိမ်တွင်လည်း မေမေ့စည်းမျဉ်းစည်းကမ်းများကို စိုင်းတည်ငြိမ်ခန့် လိမ္မာစွာ လိုက်နာခဲ့ပါသည်။
●○●○●○●○●○●○
2024(June)
"အောင်တယ် ကိုငြိမ်ရေ အောင်တယ်
ဆရာတို့ ဝမ်းသာလိုက်တာ သားရယ်"ဖုန်းထဲမှ သူ၏ ဆရာသည် ပီတိတို့ကို တယုတယထွေးပွေ့လျက် စိုင်းတည်ငြိမ်ခန့်အား ဝမ်းသာအားရ လှမ်းအသိပေးနေသည်။
"ဂုဏ်ထူးကလည်း လေးဘာသာတောင် ပါတာဆိုတော့ ကြိုက်ရာမေဂျာသာ စဉ်းစားထားပေတော့"