သူတို့၏ ဆက်ဆံရေးနှင့် ပတ်သတ်၍ စိုင်းတည်ငြိမ်ခန့်သည် လွန်စွာ ဂရုတစိုက်ရှိလှသည်။
တွဲပြီလို့ ဆုံးဖြတ်ချက်ချပြီး နောက်ရက်မှာပင် ညတိုင်း ဖုန်းတစ်ကောလ် လောက်တော့ သေချာပေါက် ပြောဖြစ်ကြသည်။
ဖုန်းပြောသည်ဆိုပေမဲ့ အချိန်အကြာကြီး တီတီတာတာပြောဖြစ်သည်တော့ မဟုတ်။
“ဘာလုပ်နေတာလဲ”“စာလုပ်နော်”
“ထမင်းစားပြီးပြီလား”
“ကျောင်းမပြေးနဲ့နော်”
စသဖြင့် အတိုအထွာတစ်ချို့သာဖြစ်သည်။
ဒါဟာလည်း စိုင်းတည်ငြိမ်ခန့်ဘက်ကသာဖြစ်သည်။
နိုလန်ချမ်းကတော့ သူ့ဘက်မှ တစ်ခါမျှ မဆက်သွယ်ခဲ့။သူ့ကို စာလုပ်ဖို့ ပြောလျှင် မကျေနပ်သောအသံဖြင့် “မရှည်နဲ့”
“မင်းက ငါ့အမေလား”
စသဖြင့် ဘုကလန့်တွေသာပြန်ပြောတတ်၏။ကျောင်းမှာဆိုလျှင် နှစ်ယောက်သား အခေါ်အပြောလုပ်သည်က ရှားသည်။
ဆက်ဆံရေးကို ဖုံးကွယ်ထားကြမည်ဆိုသော နှစ်ဦးသဘောတူ စကားကြောင့် ပိတ်ရက်တစ်ချို့မှာ ခိုးတွေ့ခြင်းသာ လုပ်ကြသည်။ကျောင်းမှာ အခေါ်အပြောမလုပ်ကြပေမဲ့ အကြည့်ချင်းတော့ အမြဲစုံလေ့ရှိပါသည်။
နိုလန်ချမ်းသည် သဝန်တိုတတ်သော ယောက်ျားလေးအမျိုးအစားထဲတွင် ပါသည်။
ထို့ကြောင့် စိုင်းတည်ငြိမ်ခန့်ဘေးတွင် အမြဲရှိနေတတ်သော သက်မှူးပိုင်အား သူကြည့်မရချေ။“သူ့အပြင် တခြားပေါင်းစရာ သူငယ်ချင်း မရှိတော့ဘူးလား”
စာကြည့်တိုက်ထဲတွင် တိုးတိုးကြိတ်ကြိတ်ပြောလာသော စိတ်မရှည်သံတစ်ခု။
စိုင်းတည်ငြိမ်ခန့် ဖတ်လက်စစာရွက်အား ငုံ့ဖတ်ရင်း ပြောလိုက်သည်။“မယ့်မယ့်က သူနဲ့ပဲ ပေါင်းခိုင်းတာ”
“မင်းက mama boyလား အဲလောက်ဖြစ်နေတာ”အထင်သေးသလိုပုံစံမျိုးနဲ့ မေးလာသောကြောင့် စိုင်းတည်ငြိမ်ခန့် မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်မိသည်။
“ဟုတ်တယ် ငါက အမေ့စကားပဲ နားထောင်တတ်တဲ့ mama boyပဲ
အဲလိုလူမျိုးကိုတောင် ရထားတာမို့ မင်းတန်ဖိုးထားပေးပါ”