ရွှေအိုရောင် နန်းတော်ကြီးအဆောင်အထဲတွင် ဘုရင်နှင့် မိဖုရား အပါအဝင် မင်းညီမင်းသားများ၊ သေနာပတိ မှူးမတ်များသည် ပျော်ပွဲရွှင်ပွဲကျင်းပနေကြသည်။ သေရည်သေရက်ကို သောက်သုံး၍ အားလုံးသောလူတို့၏ အကြည့်များသည် အလယ်၌ ကပြဖျော်ဖြေနေသော မိန်းမလှလေးများထံတွင်သာ စုပြုံကျရောက်နေကြသည်။
ထိုမိန်းမလှလေးများသည် ပျံ့လွင့်လာသော သံဇဥ်နှင့်အတူ ညီညာငြိမ့်ညောင်းစွာ အစွမ်းကုန် ကပြဖျော်ဖြေနေကြတော့သည်။ ဘေးပတ်လည်ရှိ ပုရိသယောကျာ်းတို့၏ အကြိုက်ပေတည်း။ လက်သီးလက်မောင်းတမ်း၍အော်ဟစ် အားပေးနေသော လူများရှိသကဲ့သို့၊ သေရည်၏ အရသာကို သောက်သုံးရင်း မျက်စိအရသာခံကာ အမြည်းသဖွယ် မျက်တောင်မခတ် စိုက်ကြည့်နေသော လူတစ်ချို့လည်း ရှိနေပြန်၏။
လူအများ ပျော်ရွှင်နေကြသည့် ထိုပွဲတော်အချိန်အခါတွင် မပြုံးပျော်နိုင်သူ များလည်းရှိပေသည်။ ထိုသူတို့ မှာအခြားသူများတော့ မဟုတ်ချေ။ သီရိဝုဒ္ဓိတိုင်းပြည်၏ ( သီရိ=ကျက်သရေရှိသော ၊ ဝုဒ္ဓိ =ကြီးပွားသော) ပြည့်ရှင်မင်းတရားကြီးနှင့် မိဖုရားကြီးတို့ပင် ဖြစ်သည်။
ပြည့်ရှင်မင်းတရားကြီးကို တနည်းအားဖြင့် ဧကရာဇ်လို့လည်း ခေါ်ဆိုသုံးနှုန်းကြပေသည်။ အကြောင်းမှာ ဆယ်ပြည်ထောင်သော တိုင်းပြည်များကို မိမိလက်အောက်သို့ အညံ့ခံနိုင်စေသော စွမ်းဆောင်ရည်ထူးများ ရှိနေချင်းကြောင့်ပင်ဖြစ်သည်။
သေရည်ခွက်ကို မော့သောက်နေသော ဧကရာဇ်၏ မျက်ဝန်းအစုံသည် ရှေ့၌ကပြဖျော်ဖြေနေသော မိန်းမလှလေးများကို ကျော်လွန်၍ ခြေလှမ်း၂၀အကွာတွင် မျက်နှာဖုံးတပ်၍ ဗျက်စောင်းတီးခတ်နေသော လုလင်ပျိုတစ်ဦးထံတွင်သာ မြဲမြံနေလေသည်။
ညာဘက်လက်တွင် ကိုင်ထားသော သေရည်ခွက်ကို မသောက်သေးပဲ ကစားနေလေသည်။ စူးရှသော မျက်ဝန်းအစုံသည် ဗျက်စောင်းတီး လုလင်ပျိုကို မှေးစင်း၍ ကြည့်နေလေသည်။ သေချာကြည့်လျှင် ထိုအကြည့်များထဲတွင် နာကျည်းချက်များ၊ ယူကြုံးမရခြင်းများ၊ မယုံနိုင်ခြင်များ၊ ဝမ်းနည်းခြင်းများ စသည့် ရောပြွန်းနေသော ခံစားချက်များကို တွေ့မြင်ရပေလိမ့်မည်။