သီရိဝုဒ္ဓိတိုင်းပြည်၏ နန်းတွင်းထဲတွင် မဟာဝုဒ္ဓိ အမည်ရှိသော ကျက်သရေ ရေကန်တော်ကြီး တည်ရှိလေသည်။ ရေကန်၏ အနက်သည် ဝါးနှစ်ပြန်စာ ရှိပေသည်။ ကြည်လင်အေးမြသော ရေ၏ အောက်ခြေတွင် ရောင်စုံ သလင်းကျောက်များစွာ ဖြည့်တင်းထားသည်။ ကန်ရေ၏ မျက်နှာတော်ပေါ်တွင် ကြာမျိုးငါးပါး အပြိုင်အဆိုင် အစွမ်းကုန် ပွင့်လန်းမင်းမူနေကြတော့သည်။
ရေကန်၏ ဘေးပတ်လည်တွင် အရွယ်စုံ ကျောက်စရစ်ခဲလေးများနှင့် နေရာအနှံ့ တည်ရှိနေသော ကျောက်တုံးကြီးများ ရှိလေသည်။ ထိုကျောက်တုံးကြီးများကို ဝန်းရံထားသော နှစ်ပါးညီ နွယ်ပန်းခတ် ကလေးများသည် ကြာမျိုးငါးပါး နှင့်အပြိုင် လှပစွာ ပွင့်လန်းနေကြသည်။
ထိုသို့သော ကျေးဇူးတို့နှင့် ပြည့်စုံနေမှုကို ပို၍ထင်ပေါ်သွားအောင် ပံ့ပိုးပေးနေသည့် အရာမျိုးလည်း ရှိပေသည်။ ထိုအချင်းအရာသည် တခြားတော့ မဟုတ်ပေ...။ ရေကန်ကြီးအတွင်းရှိ လှေငယ်ထိပ်ဦးတွင် မတ်တပ်ရပ်၍ လက်နောက်ပစ်ကာ လောက အလှကို တဝကြီး ရှုစားတော်မူနေသည့် ယောကျာ်းတစ်ဦးကြောင့်ပင် ဖြစ်ချေသည်။
လှေဦးထိပ်က ထိုယောကျာ်းသည် အနီရောင် ပိုးဖဲဝတ်ရုံရှည်ကို အောက်ခံ အမဲဖြင့် တွဲဖက်ဝတ်ဆင်ထားလေသည်။ ရှည်လျားသော အရပ်အမောင်းနှင့် ကျယ်ပြန့်တောင့်တင်းနေသော ပခုံး သားတို့ကြောင့် ဝတ်ရုံ၏ အရှည်သည် ထိုအမျိုးသား၏ ခြေမျက်စိနား၌ထိသာ တည်ရှိသည်။ နက်မှောင်သော မျက်ခုံး ၊ ဖြောင့်စင်းသွယ်တန်း၍ ထိပ်၌ အနည်းငယ်ချွန်ချင်နေသော နှာတံ၊ လေးကိုင်းသဏ္ဏာန် မထူမပါး နီညိုရောင် နှုတ်ခမ်းသား ၊ ဖြူဖွေးသော အသားအရည် ၊ အပေါ်အောက် ဖြည်းဖြည်းမှန်မှန် ရွေ့လျားနေသော လည်စလုတ် .. စသည့် ကျေးဇူးများကို ပေါင်းစပ်လိုက်လျှင် ထိုယောကျာ်းသားသည် နတ်ဘုရားတို့၏ ချစ်ခင်မှုကို လွန်စွာရရှိပိုင်ဆိုင်ထားသော အမျိုးသားကောင်းတစ်ယောက်ဖြစ်မှန်း အဝေးက မြင်ရုံနှင့် အရှိန်အဝါကို ခံစားသိရှိနိုင်ပေသည်။
ထိုအရှိန်အဝါကြီးသော ယောကျာ်းသားနှင့် မဟာဝုဒ္ဓိ ရေကန်ကြီး၏ အလှတို့ကို တွဲဖက်မြင်လိုက်ရသည့်အခိုက်သည် .... ဘယ်ပန်းချီမှ ရေးဆွဲလို့ပြိုင်နိုင်မည် မထင်ပေ ...။