သဲတစ်ပွင့် - ၁

238 39 15
                                    

အပိုင်း (၁) သဲတစ်ပွင့်

သဲတွေနဲ့ တည်ဆောက်ထားတဲ့ကမ္ဘာ

ချွင့်ရွှေလမ်းဆိုသည်မှာ ဟုန်ကျင့်မြို့အနောက်တောင်ဘက်က လမ်းဟောင်းလေးတစ်ခုပေါ့

သည်မြို့ထဲက တခြားတခြားသော ရှုပ်ယှက်ခတ်နေသည့်လမ်းများနှင့် ထူးမခြားနား။ ဆိုင်တန်းများမှာ သည်ဘက်လမ်းအစမှ ဟိုဘက်လမ်းအဆုံးထိ ပြန့်ကြဲပြည့်နှက်နေ၏။ ဆည်းဆာနေရောင်သည်လည်း ကောင်းကင်ပြင်ကို ဖြတ်သန်းကာ လမ်းမထက်တွင် ရွှေရည်ဆမ်းသလို ဖြာကျနေသည်။ လေထုအတွင်း၌လည်း ကြက်ဥမုန့်ရနံ့ ခပ်မွှေးမွှေးက လွင့်ပျံ့နေလေရဲ့။

ညနေစောင်းကာနီးပြီဆိုသည်နှင့် လမ်းတိုင်းဟာ တဖြည်းဖြည်းချင်း သက်ဝင်လှုပ်ရှားလာသည်။

လမ်းတစ်ဖက်ရှိ ငါးအရောင်းဆိုင်မှ ရွှေငါးကြင်းတစ်ကောင်ကတော့ ပလက်စတစ်ပုံးအတွင်းမှ လွတ်မြောက်အောင် ကြိုးစားကူးခတ်နေသည်။ လွတ်လုလွတ်ခင်မှာပဲ ဗိုက်ကဆွဲကိုင်ယူခံလိုက်ရရှာ၏။

ဝမ်ချွင့်ဟွားဆိုသူကတော့ သည်နှစ်အတွင်း အသက် ၆၀ ပြည့်ပေတော့မည်။ သူ(မ)၏ ဘဝပုံစံသည်လည်း မြို့ထဲမှ တခြားသော အသက် ၆၀ အရွယ်များနှင့် အတူတူပင်။ အလှပြင်ဆိုင်မှာ ဆံပင်ကောက်ပြီးသည့်နောက် အပြန်တွင် ယခုငါးဆိုင်သို့ဝင်ကာ အိမ်မှမြေးလေးအတွက် ငါးကင်လုပ်ပေးရန် ရွှေငါးကြင်းဝယ်ဖို့လုပ်သည်။

"ဆယ်ယွမ်ပဲ! ဆယ်ယွမ်ထက်ပိုမပေးနိုင်ဘူး"

ပိုက်ဆံအိတ်ထဲမှ ယွမ်တစ်ဆယ်တန် အဟောင်းအနွမ်းကိုထုတ်ယူကာ ဆိုင်ပိုင်ရှင်၏ လက်ထဲသို့ထိုးထည့်လိုက်၏။ သူ(မ)သည် ဈေးဆစ်နိုင်မှုအပေါ် ဂုဏ်ယူဝံ့ကြွားမှုဖြင့် ဆံပင်ကိုတောင် လက်ဖြင့်ထိုးဖွ ခါယမ်းလိုက်သေးသည်။

လေထုအတွင်း၌ ရေဒီယိုအသံလွှင့်ချက်‌သံ တစီစီနှင့် ပျံ့နှံ့နေ၏။ တစ်ခုခုကြေညာနေပုံရသည်။

ငါးဆိုင်ပိုင်ရှင်ကား ခေါင်းတယမ်းယမ်းနှင့် ပိုက်ဆံကို သူ၏ သားရေအေပရွန်အိပ်ကပ်ထဲသို့ ထည့်သိမ်းရင်း ရေစိုလက်များဖြင့်ပင် ရေဒီယိုကို အသံချဲ့လိုက်သည်။

လွှမ်းမိုးခြင်းနိယာမWhere stories live. Discover now