အပိုင်း (၅) မေးခွန်းသုံးခွန်း
---လင်းချန်ကတော့ သူ့ဆီကို အကုသိုလ်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်လာနေဟုပင် ခံစားနေရသည်။
သို့သော် ရှင်းချုံလျန်ကတော့ လင်းချန်က အတော်လေးပြဿနာသယ်နိုင်သည်ဟု တွေးသည်။
သည်မနက် သူ ရဲစခန်းရောက်ရောက်ချင်း ခုံမှာထိုင်ကာ အသစ်ရောက်လာသည့် တင်ပြချက်များကို ဖတ်နေသည်။ ပေါက်စီတစ်ဝက်လောက်စားပြီးရုံမျှရှိသေးသည်။ လက်အောက်ငယ်သားတစ်ယောက်က သူ့အား ဒါရိုက်တာသည် ရုံးခန်းထဲသို့ လက်ဖက်ရည်သောက်ရန် ခေါ်နေကြောင်း လာသတင်းပို့သည်။
ဒါရိုက်တာအိုကြီးက အမှတ်တံဆိပ်မယ်မယ်ရရမရှိသော လုံကျင်းလက်ဖက်ရည်ဖျော်ကာ သူနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ စကားရှည်ရှည်ဝေးဝေးပြောရတော့မည့်ပုံတော့ပေါက်နေ၏။
"ချုံလျန် .. အမှုအခြေအနေ ဘယ်လိုလဲ"
ဒါရိုက်တာက သူ၏ လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း မေးသည်။
ရှင်းချုံလျန်က ဒါရိုက်တာ၏ ရွှန်းလတ်တောက်ပနေသည့် ငယ်ထိပ်ပြောင်ပြောင်ကို စိုက်ကြည့်ရင်း မတ်နေအောင် ထိုင်လိုက်၏။
"စုံစမ်းနေတုန်းပါပဲ .. သေမှုသေခင်းဘက်က တင်ပြချက်တော့ အခုလေးတင်ရတယ် .. ကွင်းကို ပြတ်အောင်လုပ်ထားတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတာမို့ လူသတ်မှုပဲ ဖြစ်မှာပါ"
ဒါရိုက်တာသည် လူသတ်မှုဟု ကြားလိုက်သည်နှင့် ချက်ချင်းစိတ်ဓာတ်ကျသွားသည့်ပုံပေါ်၏။
"ချုံလျန် .. ငါအသက်ကြီးနေပြီ .. နှလုံးလည်းမကောင်းတော့ဘူး .. အဲ့လို ပြင်းထန်တဲ့ စကားလုံးတွေ မသုံးဖို့ မျှော်လင့်တယ် .. ပြီးတော့ မင်းအသံလေးကို နည်းနည်းလေး နှိမ့်ပါလားကွာ"
"လူသတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ လူသတ်မှုကျူးလွန်တဲ့ နည်းလမ်းတွေကတော့ သေချာမသိရသေးဘူး .. ချွင်းရွှေလမ်းက သဲဖြူနဲ့ ဆေးရုံအမှုနဲ့ ဆက်စပ်မယ်လို့တော့ ထင်တယ်"
"တိတ်စမ်း!" ဒါရိုက်တာအိုကြီးမှာ သူ့နှလုံးသူ ဖိထားလိုက်သည်။
YOU ARE READING
လွှမ်းမိုးခြင်းနိယာမ
Mystery / Thrillerချန်အာ့ ၏ ဖန့်ကျွေ့ရှင်းလီကို ဘာသာပြန်ဆိုပါသည် အတွဲ (၁) - သဲတစ်ပွင့် အတွဲ (၂) - နှစ်လမ်းသွား အတွဲ (၃) - သင်္ချိုင်းသုံးမြေ အတွဲ (၄) - သံစဉ်လေးသွယ် အတွဲ (၅) - မြောလွင့်ခြင်းပဉ္စဂံ