အပိုင်း(၈)

1K 63 22
                                    

Unicode

Recommend song_ daylight (Taylor Swift)

အမှတ်တရ(၃)

ရန်ဖြစ်ပြီးနောက်ပိုင်း မိုးညတိမ်ယံ ဥာဏ်မင်းမောင်ကို သိသိသာသာရှောင်ဖယ်လာသည်။သူတင်မက ဥာဏ်မင်းမောင်ရဲ့ သူငယ်ချင်းများကလည်း ဥာဏ်မင်းမောင်ကို ရှောင်ဖယ်လာကြသလို မေသူဇော်ပင် ခပ်တန်းတန်းဖြစ်လို့နေသည်။ရန်ဖြစ်ပြီးပြီးချင်းသက်မောင်၊ ဥာဏ်မင်းမောင်နဲ့ သူပါ ရုံးခန်းထဲ ရောက်ခဲ့ရသည်။ကျောင်းအုပ်ကြီးက ဘာလို့ရန်ဖြစ်ကြတာလဲလို့ ထပ်ခါထပ်ခါမေးတိုင်း ဥာဏ်မင်းမောင်နဲ့ သက်မောင်က ရေငုံနှုတ်ပိတ်စွာ နေခဲ့ကြသည်။သက်မောင်က သူ့ကိုယ်သူ ကာကွယ်လိုစိတ်ဖြင့် နှုတ်ပိတ်ခဲ့ခြင်း ဖြစ်ပြီး ဥာဏ်မင်းမောင်ကတော့ မိုးညတိမ်ယံကိုကာကွယ်ချင်စိတ်ဖြင့် ရေငုံနှုတ်ပိတ်ခဲ့ခြင်း ဖြစ်လေသည်။

နောက်ဆုံး မေးမရတဲ့အဆုံး ကျောင်းအုပ်ကြီးသည် ဆုံးမစကားများတတန်းလိုက်ကြီးပို့ချပြီး သူတို့၃ယောက် ခေါင်းငုံ့နားထောင်ခဲ့ကြရသည်။သူတို့ ၃ယောက် အတန်းထဲရောက်သည့်အခါ စကားပြောသံတွေက ရှဲကတည်း တိတ်သွားကြလေသည်။တိတ်သွားကြတာလည်း မပြောနဲ့ အဲ့အချိန်ထိ ဥာဏ်မင်းမောင်နဲ့ သက်မောင်ရဲ့ မျက်နှာကြောတွေက ခပ်တင်းတင်း။

သူ နေရာဆီမရောက်ခင် ဥာဏ်မင်းမောင်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပုံရသော ကောင်လေးတစ်ယောက်က သူ့ဘေးကတစ်ယောက်ကို ပုခုံးတွတ်ကာ ခပ်တိုးတိုးစကားပြောသံကို ကြားလိုက်ရသည်။ဘာတဲ့ "ဟေ့ကောင် နောက်နေ့ ဥာဏ်မင်းမောင်နဲ့ မပေါင်းနဲ့တော့ အဲ့ကောင်က အကြမ်းကြီးကွ တစ်ခုခုဆို ငါတို့ပါ အထိုးခံရရင် ခံရနိုင်တယ် ခွီး"။မိုးညတိမ်ယံသည် နေရာ၌ တွေတွေကလေး ရပ်နေမိလိုက်၏။ဒါ သူ့ကြောင့်လား။ဥာဏ် သူ့အတွက်ကြောင့် အပေါင်းအသင်းပျက်တော့မှာလား။ဟုတ်တယ် ဒါ သူ့ကြောင့်ပဲ။အပေါင်းအသင်းမရှိတဲ့ ခံစားချက်ကို သူ ကောင်းကောင်းသိတာပဲ မဟုတ်ပါလား။သူသာ ဥာဏ့်ကို မပေါင်းရင် ဥာဏ့်မှာ ပေါင်းမဲ့လူတွေ ပေါမှာ။

Essential Where stories live. Discover now