Unicode
မေးခွန်းနံပါတ်(၂)"ရှင်နဲ့ ကိုယံနဲ့ ဘယ်လိုစခင်သွားကြတာလဲ"
ဥာဏ်မင်းမောင်သည် သူ့လက်ထဲက လက်ကျန်နွားနို့ကို တစ်ကျိုက်တည်းမော့သောက်လိုက်ပြီး သမိုင်းဖတ်စာအုပ်ကို စာအုပ်ပေါက်ထွက်မတက် စူးစိုက်ကြည့်ကာ သူသည် ဆရာမ ကျက်ခိုင်းလိုက်သော အိမ်စာကို ပြန်နွေးနေ၏။ နာရီကို ကြည့်လိုက်သည့်အခါ ကျောင်းသွားဖို့ အချိန်ကပ်နေပြီဖြစ်၍ အင်္ကျီလေးကို ကောက်ကာလဲရင်း ပါးစပ်လေးကလည်း စာရွတ်သံ တတွတ်တွတ်။သူအဝတ်အစားလဲနေချိန် ဧည့်ခန်းထဲက မေမေ့ရဲ့ သနပ်ခါးတုံးသွေးသံထွက်ပေါ်လာသည့်အခါ သူ နှာခေါင်းရှုံ့သွား၏။ကြည့်နေ မေမေက သူ့ကို သနပ်ခါးထူထူကြီး လိမ်းပေးဦးမှာ။သနပ်ခါးလိမ်းရတာကို သူမကြိုက်ပါဘူး။အဲ့တာကြောင့် သနပ်ခါးလိမ်းရတဲ့ အချိန်တွေဆို သူနဲ့မေမေ ရန်ဖြစ်ရတာ အခါခါ။
ထိုစဥ် သူသည် ရုတ်တရပ် တစ်ခုခုအား အမှတ်ရသွားဟန်ဖြင့် မျက်မှောင်လေးကြုံ့သွား၏။သူက သနပ်ခါးလိမ်းရတာ မကြိုက်သလောက် ဟိုသရဲကောင်ကတော့ သနပ်ခါးလိမ်းရတာ ကြိုက်ပုံပေါ်သည်။တစ်ဆက်တည်း သရဲကောင်၏ သနပ်ခါးပါးကွက်ကြားနဲ့မာန်ချီနေသော မျက်နှာကို ပြန်မြင်ယောင်သွားသောအခါ ဥာဏ်မင်းမောင် နှာခေါင်းထပ်မံရှုံ့လိုက်မိ၏။အမြင်ကတ်စရာကောင်းလွန်း၍ သည်အကြောင်းတွေ သူမတွေးချင်တော့ပါ။သူသည် ခေါင်းလေးကို ခပ်သွက်သွက်လေး ခါလိုက်ကာ အဝတ်လဲပြီးသွားသောကြောင့် မေမေ့ဆီကို အပြေးလေးသွားလိုက်၏။
"မေမေ ပါးပါးလေးပဲနော်"
ဥာဏ်မင်းမောင်က သနပ်ခါးသွေးနေဆဲ မေမေ့ကို မျက်နှာလေးချီကာ သတိပေးလိုက်၏။
"အေးပါ"
ထို့နောက် မေမေက သူပြောလိုက်သောစကားနဲ့ လက်တွေ့မကျစွာ ကျောက်ပျဥ်ပေါ်က သနပ်ခါးအနှစ်များကို ပယ်ပယ်နယ်နယ်သပ်ယူ၍ သူ၏ဘယ်ဘက်ပါးပေါ် တင်လိုက်သည်ကြောင့် ပါးပေါ် ခပ်အေးအေးလေးဖြစ်သွား၏။မေမေ့၏ ခပ်ပါးပါးသနပ်ခါးကို ဥာဏ်မင်းမောင် အလိုမကျ၍ မျက်နှာမှာ စူပုတ်ပုတ်လေး ဖြစ်သွား၏။ကြည့်ပါလား မေမေနဲ့ သူနဲ့ ရန်ဖြစ်ရတော့မည်။