အပိုင်း(၁၃)

931 66 3
                                    

Unicode

မိုးညတိမ်ယံတို့ အပြုံးကြီးက မျောက်အုန်းသီး ရသလို။ဒါကိုမြင်သည့် မေသူဇော့်အတွက်ကတော့ အမြင်ကတ်စရာအပြုံးကြီးလိုလို။မိုးညတိမ်ယံက နေရာဆီ ဇောင်းကြွားကြွားနဲ့ လျှောက်လာပြီး မေသူဇော်၏ ကြိတ်မနိုင်ခဲမနိုင်ဖြစ်နေသော မျက်နှာထားကို ကြည့်ကာကျေနပ်နေလေသည်။မိုးညတိမ်ယံ သူ့ဆံပင်သူ ပြုံးပြုံးကိုင်ပြီး သူ့အတွေးနဲ့သူ ပီတိတွေဝေဝေစာနေလေတော့သည်။ဘယ်လောက်မာန်တတ်စရာကောင်းလိုက်လဲ။ဒီဆံပင်တွေကို ဥာဏ်မင်းမောင်ဖွသွားတယ်တဲ့လေ။

ထို့နောက်တွင် ပွဲပြန်စသည်နှင့် မိုးညတိမ်ယံရဲ့ အသံကျယ်ကြီးက တစ်ကွင်းလုံး တိုးထွက်လာသည်က ဘောလုံးကန်နေသော ဥာဏ်မင်းမောင်ပင် တစ်ချက်တစ်ချက် ပြုံးသွားသည်ကို အဝေးက မိုးညတိမ်ယံ မြင်နိုင်မည်မဟုတ်ချေ။ထိုအချိန်တွင် ပွဲစဥ်၌ ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့လေသည်။အသာစီးရထားသော ဥာဏ်မင်းမောင်တို့အသင်းအား တစ်ဖက်အသင်းက ညစ်လာတော့သည်။တစ်ခါတစ်ခါ အားနဲ့တွန်းတိုက်တာမျိုး၊အများနဲ့တစ်ယောက် လုတာမျိုးတွေ ရှိလာသဖြင့် မိုးညတိမ်ယံတို့ မျက်ခုံးလေးကြုံ့လေပြီ။ဘာလဲ ဒီအချိုးက။သည်တစ်ခါ မိုးညတိမ်ယံတို့ ထွက်လာတဲ့စကားသံတွေက အားပေးသံတွေမဟုတ်တော့ ဥာဏ်မင်းမောင်တို့လူလည်ကျခံရလျှင် သူ့နှုတ်က တောက်ခေါက်သံတစ်ချက်က ထွက်ပေါ်လာစမြဲ။ထိုအချိန် တစ်ဖက်အသင်း၏ ပြစ်မှတ်က ဥာဏ်မင်းမောင်ဖြစ်လာသောအခါ မိုးညတိမ်ယံ ပုဆိုးတပြင်ပြင်ဖြစ်နေလေတော့သည်။

ပထမတစ်ခါတွင် ဥာဏ်မင်းမောင် တွန်းတိုက်ကာဘောလုံးလုခံလိုက်ရသဖြင့် အရှိန်ပျက်ကာ လဲလုမတတ်ဖြစ်သွားသော်လည်း ဟန်ချက်ထိန်းလိုက်နိုင်၍ လဲတော့မသွားပေ။ထိုအခါ မိုးညတိမ်ယံနှုတ်ဖျားမှ ဆဲဆိုသံများထွက်ပေါ်လာလေတော့သည်။သောက်ချိုးမပြေ။သူတင် စိတ်တိုသည်မဟုတ် အားပေးနေသူတွေရော ဥာဏ်မင်းမောင်တို့အသင်းကပါ စိတ်တိုနေလေကြသည်။ထိုအခါ မိုးညတိမ်ယံ ကွင်းထဲဝင်မယ်တကဲကဲလုပ်နေသောကြောင့် မေသူဇော်က ဘေးကနေဝင်တားရပြန်သည်။

Essential Where stories live. Discover now