''ဟဲ့ လန့်လိုက်တာခက်မောင်...''
ဘေးအိမ်က အရီးပု ရေအိမ်ထသွားမည့် အချိန်ကိုခက်မောင်တစ်ယောက် ၂နာရီခွဲကတည်းက မျက်နှာသစ်ပြီး ထိုင်စောင့်နေရသည်။အမှောင်ထဲတွင် ခြင်က တကိုက်ကိုက်နှင့်မြန်မြန်သာနိုးလာပါစေဟုဆုတောင်းရင်း နောက်ဆုံးတော့ မနက် ၃နာရီမခွဲခင်လောက်အချိန်တွင် အရီးပု အိပ်ယာမှထလာပုံရသည်။ ဝါးကပ်သာ ကာရံထားသည့် ခြံစည်းကနေ ခက်မောင်တစ်ယောက် တဖက်တွင်ရှိသည့် အရီးပုံကို စကားပြောရင် ခြေသံလုံစွာနှင့် ချဥ်းကပ်လိုက်သည်။
''တိုးတိုး အရီး...''
ခက်မောင် နှုတ်ခမ်းပေါ် လက်ညိုးထောက်လျက်သား ပြောလိုက်သည့်အခါ အရီးပုက သူ့ပါးစပ်သူ လက်ဖဝါးနှင့်ခပ်သာသာအုပ်လျက်မေးဆတ်ပြသည်။
''မမကြီး စျေးကြို သွားရင် လိုက်ပို့ပေးစမ်းပါလားဗျာ...ကျုပ်သွားစရာရှိလို့ စိတ်မချလို့ပါ''
''ဟေ...ဒီအချိန်ကြီးဘယ်သွားမလို့တုန်း... အိုး..အို ဟဲ့ကောင်လေး မင့်မျက်နှာ..''
အရီးပုက ခက်မောင်မျက်နှာက ဒဏ်ရာတွေကို လရောင်အကူအညီနှင့် လှမ်းမြင်လိုက်သယောင်မလို့အလျင်အမြန်ပင်မျက်နှာလွှဲလိုက်ရသည်။
''တိုးတိုးပါ အရီးရာ...ကျုပ်ဘာမှမဖြစ်ဘူး မမကြီးကိုလည်း ပြောပေးပါဦး ကျုပ်ကျောင်းက ဆရာတစ်ယောက်အလှူပွဲသွားကူပေးရမှာမလို့စောစောထသွားတယ်ဆိုပြီး...''
ပြောရင်း အရီးပုထံ ငွေ၃ကျပ် ကမ်းပေးလိုက်တော့အရီးပုက လှမ်းယူသည်။ထပ်ပြီးတစ်ခုခုမေးရန်ပြင်ချိန်တွင် ခက်မောင် ခြံတွင်မှ ခြေလှမ်းကျဲများနှင့်ထွက်လာလိုက်၏။မျက်နှာကဒဏ်ရာအကြောင်းမမကြီးသိ၍မဖြစ်ပေ။မနေ့ကညက မိုးစုန်းစုန်းချုပ်မှ ပြန်လာသောကြောင့် မှောင်ကြီးမဲကြီးထဲမလို့ဘယ်သူ့မှ ခက်မောင်မျက်နှာကိုမမြင် ၊ ခက်မောင်လည်းထမင်းတောင်ထမစားတော့ပါပဲ ဒီအတိုင်းထိုးအိပ်လိုက်သည်မလို့။
နေ့တိုင်းမမကြီးကို စျေးချိုလိုက်ပို့ပေးနေကျမလို့ဒီနေ့မှတစ်ယောက်တည်းလွှတ်ရန်စိတ်မချသောအခါ ဘေးအိမ်က ကောက်ညှင်းပေါင်းရောင်းသည် အရီးပုကိုသာ အကူညီတောင်းရတော့သည်။ခက်မောင်ခြေလှမ်းတွေက အိမ်နှင့်ဝေးသည်နှင့် တဖြည်းဖြည်းနှေးဆင်းလာ၏။အိပ်ရေးလည်းမဝနိုင်သလို စိတ်ရောလူပါပင်ပန်းဆင်းရဲလွန်းပြီးအပူမီးတွေ ရင်ထဲဝုန်းဝုန်းတောက်နေသည်။
YOU ARE READING
F.B.T.L
Romance၁၉၅၀ ကျော်ဝန်းကျင်နှင့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကိုအခြေခံ၍ရေးသားထားသည်။ဇာတ်လမ်းပါ အကြောင်းအရာတချို့သည် အပြင်လောကနှင့်တချို့တဝက်သက်ဆိုင်သလို၊စိတ်ကူးယဥ်ရေးထားသည့်အကြောင်းအရာများလည်းဖြစ်သည့်အတွက်မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုခြင်း အလျဥ်းမရှိ။