ဇာတ်လမ်း (၈)

1.6K 218 58
                                    

ခက်မောင် မျက်နှာသစ်၊ကိုယ်လက်သန့်စင်၍ ဘုရားခန်းဘက်လျှောက်လာကာ သောက်တော်ရေချမ်း နှင့်မျက်နှာသစ်တော်ရေ လှဲလယ်ပေးသည်။သန့်ရှင်းနေပြီးသား အလွန်သပ္ပါယ်စဖွယ်ကောင်းသော ဘုရားကျောင်းဆောင်ကို ထပ်၍ သန့်ရှင်းလိုက်ပြီးဝေယာဝစ္စ ပြုလုပ်ပြီးစီးသည့်အခါ ဘုရားအာရုံပြုကာ ရှိခိုးသည်။ အချိန်ရသည့်အတွက် ပဌာန်းနှင့် မဟာသမယသုတ် ကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက် အိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။အချိန်အားဖြင့် မနက် ၇ နာရီစွန်းစွန်းသာ ရှိသေးသည့်အခါကျောင်းသွားဖို့အချိန်လည်းလိုသေးသည့်အပြင် ဒီအိမ်က​ ကျောင်းနှင့်ပိုနီးသည်ဖြစ်သည့်အတွက်ခြေလျှင်လျှောက်လျှင်တောင် ဆယ်မိနစ်သာသာ နှင့်ကျောင်းရောက်သော်ငြား ကိုသိက္ခာက ကျောင်းသွားဖို့ စက်ဘီးတစ်စီးစီစဥ်ပေးထားသည့်မလို့ အေးအေးဆေးဆေးမှသွားလျှင်လည်းအဆင်ပြေသည်။

အရီးဒေါ်ကြင်ရဲ့တူမ ကလေးတွေက ကျယ်ဝန်းသည့်အိမ်အောက်ထပ်ကို သဲမြူမှုန်လေးလောက်တောင်မကျန်စေရပဲ သန့်ရှင်းရေးကိုအားစိုက်ပြုလုပ်နေသည်က ပြောင်လက်နေသော ကျွန်းသား ပျဥ်ခင်းတွေကသက်သေပင်။ကိုသိက္ခာက တော့ ဒီအချိန် အိပ်ယာမှမထသေးပေ။ ရုံးအချိန်၉နာရီမထိုးခင် မိနစ် ၂၀ အလိုတွင်ထ တတ်သည့်အတွက် ခက်မောင်ကျောင်းသွားချိန်တွင်က ကိုသိက္ခာ အိပ်ယာထချိန်ဖြစ်သည့်အတွက် ညနေပိုင်း သို့မဟုတ် ညပိုင်းမှသာဆုံဖြစ်ကြသည်။

စိတ်ကျဥ်းကျပ်သလိုလိုဟုခံစားရသော်ငြား အမှန်တကယ်က အဆောင်အယောင်တွေနှင့်ခက်မောင်နေသားမကျနိုင်သည်ကလွဲရင် အရာအားလုံးကလွတ်လပ်သလိုပင်။ကိုယ်တိုင်ကလည်းစည်းကမ်းတကျနေထိုင်သည့်လူမျိူးဖြစ်သည့်အပြင် ကိုသိက္ခာကလည်း စည်းကမ်းကြီး၍ အသန့်အပြန့် အလွန်နှစ်ခြိုက်သည်။အသောက်အစားလည်းရှိသလို ကျန်းမာရေးလည်းလိုက်စား၍အရာအရာသင့်တင့်မျှတစွာနေထိုင်တတ်သည့်လူဖြစ်ပြီး ၊ စာအုပ်စာပေ ဖတ်ရှုခြင်းတွင် သိပ်ဝါသနာကြီးပုံလည်းရ၏။

နှစ်ယောက်အကြားတွင် လက်ထပ်စာချုပ် ရှိနေသည်ဆိုတာတောင်ရန်ဖန်ရန်ခါ မေ့မေ့ပျောက်ပျောက်ဖြစ်သည်အထိ ခက်မောင်နှင့်ကိုသိက္ခာ၏ပတ်သက်မှုသည် ရိုးစင်းသည်။မေးထူးခေါ်ပြောဆက်ဆံရေး မဟုတ်သလို စကားတွေရွှမ်းရွှမ်းဖောက်ပြောဆိုရင်းနှီးကျွမ်းဝင်ကြသည့် ဆက်ဆံရေးလည်းမဟုတ်။မြင်နေကျတွေ့နေကျ အိမ်သားတစ်ယောက်လိုဆက်ဆံပြောဆိုပေးသလို မျိုး ဆက်ဆံရေးဖြစ်သော်ငြား ကိုသိက္ခာတွင်ရှိနေသောအရှိန်အဝါတစ်ခုကြောင့် လေးစားသမှုအမြဲထားရပြီးစကားပြောဆိုရာတွင်ကအစအမှားအယွင်းမပါအောင် လည်း သတိပြုရသည်။

F.B.T.L Where stories live. Discover now