ဝသုန်ကျော်
အခန်းပြင်ထွက်လာချိန် ပြေကဝရံတာလေးတွင်စာထိုင်ရေးနေ၏။
"ပြေ ကျွန်တော်နိုးပြီ"
အသံပေးလိုက်ချိန် တဖျတ်ဖျတ်လှုပ်ရှားနေတဲ့လက်တွေကတန့်သွားပြီးလှည့်ကြည့်ကာ...။
"လာ...ခေါင်းကြည်သွားအောင်ကော်ဖီသောက်၊ အိပ်ရေးဝရဲ့လား"
ငှဲ့ထည့်ပေးတဲ့ကော်ဖီခါးစိမ့်စိမ့်လေးကို အသာမှုတ်သောက်နေရင်းမှ...။
"ဝတယ်၊ ပြေရော...တစ်ရေးမအိပ်ဘူးလား"
"မအိပ်ချင်လို့စာထိုင်ရေးနေတာ"
"ပြီးတော့မှာလား"
"အင်း...ပြီးခါနီးနေပါပြီ"
ရိုက်လက်စဖိုင်လေးကိုပိတ်လိုက်ပြီးမှ ဝသုန့်ဘက်ကိုလှည့်လာပြီး...။
"နောက် ၃ ရက်နေရင် Night Duty ပြီးပြီမဟုတ်လား"
"အင်း...Night ကထွက်ပြီးရင်တစ်ရက်နားမယ်။ ပြီးရင် Day ၂ ရက်ဝင်ရမယ်။ ပြီးတော့ ၃ ရက်ခွင့်ရပြီ"
"ဟုတ်သား၊ မင်းမွေးနေ့ရောက်တော့မှာပဲ"
"ပြေကမှတ်မိနေသားပဲ"
"မင်းပဲတစ်ချိန်လုံးပြောနေပြီးတော့..."
"ထီဖွင့်ရက်နီးနေပြီဆိုတော့ သတိပေးရတာပေါ့ဗျာ"
ပြုံးတုံ့တုံ့မျက်နှာနဲ့ကော်ဖီကိုငုံ့သောက်နေတဲ့ဝသုန်က အိပ်ရာထစမို့မလန်းမဆမ်း။
"ရေမချိုးသေးဘူးလား"
"ခဏနေမှချိုးမယ်။ ကျွန်တော်ဗန်ကျုံးဆီခဏသွားလိုက်ဦးမယ်။ အေးဆေးဆက်ရေးပါ၊ လာချောင်းမကြည့်ပါဘူးနော်။ ရေချိုးပြီးမှ View Point ကိုသွားမယ်"
"အင်း...ဒါဆိုမုဝင်နေတုန်းဆက်ရေးလိုက်ဦးမယ်။ ဝသုန်လည်းအေးဆေးလုပ်ပါ"
ပြေ့ကိုထားခဲ့လိုက်ပြီးအောက်ထပ်ဆင်းလာကာ ဗန်ကျုံးကိုစီစဉ်ထားတဲ့ကိစ္စအဆင်ပြေမပြေမေးနေရသည်။ အဆင်ပြေပါတယ်ဆိုမှအပေါ်ထပ်ပြန်တက်လာစဉ် အနောက်ကနေ...။
"ကဦး"
"ပြော"
"အဝတ်တေအပူတိုက်ပီး ဂုံပေါ်တင်ထားတယ်"
