အပိုင်း ၄-အိမ်တစ်လုံးဆောက်ခြင်း
ကျင်းကျန်းမြန်က သူမပြန်နိုင်တော့သည်ကို အတည်ပြုပြီးကတည်းက ခေတ်မီပစ္စည်းများမပါဘဲ ဤကျောက်ခေတ်တွင် ကောင်းမွန်စွာ မည်သို့နေထိုင်ရမည်ကို ခက်ခက်ခဲခဲတွေးကြည့်ရတော့သည်။
လူတို့သည် အစားအစာ၊ အဝတ်အထည်၊ နေစရာင့် သယ်ယူပို့ဆောင်စရာတွေမရှိဘဲ မနေနိုင်ကြ ။ အထူးသဖြင့် သားရဲကမ္ဘာလို နေရာမျိုးတွင်နေထိုင်သောနေရာက အထူးအရေးကြီးသည်။
အချိန်တိုအတွင်းတွင် အင်္ဂတေအိမ်တစ်လုံးမရနိုင်သော်ငြား သစ်သားအိမ်တစ်လုံးဆောက်ရန်မှာတော့ ပြဿနာမရှိသင့်ပေ။
ဒေသထွက်ပစ္စည်းတွေ ရနိုင်သလို၊ တောထဲတွင် သစ်သားများလည်း လိုသလောက်ရနိုင်သည်။
“ကျွန်တော်တို့တွေ အိမ်ဆောက်ရအောင်”
သူက ကျောက်တုံးများဖြင့် မြေပြင်ပေါ်တွင် အိမ်တစ်လုံးရေးဆွဲပြလိုက်သည်။
“ဒါကို အိမ်လို့ခေါ်တယ်...လူတွေဒီထဲမှာ နေလို့ရတယ်”သူပြောလိုက်သည်။
ရှယ်ယွီက ၎င်းကိုနားမလည်သော်ငြား ကျင်းကျန်းမြန်က အလွန်တော်သည်ဟုတွေးလိုက်မိသည်။ သူဘယ်လိုလုပ်ပြီး ထိုသို့သောအရာတွေ တွေးနိုင်သနည်း။
သူတို့အုပ်စုမှာရော အိမ်နဲ့နေတဲ့သူရှိရဲ့လားဟု ရှယ်ယွီမေးချင်ခဲ့သည်။
စိတ်ထဲတွင် သံသယများရှိနေခဲ့သော်ငြား သူမမေးလိုက်ပေ။
ရှယ်ယွီက သူ့ဘာသာတွေးလိုက်၏။ တစ်ဖက်လူ၏ မျိုးနွယ်စုမှ သူ့ကိုစွန့်ပစ်လိုက်ကြသည့် အကြောင်းများကိုမမေးသင့်ဟုထင်သည်။
ကျင်းကျန်းမြန်က လက်မောင်းကြွက်သားတွေ အပြည့်ရှိနေသည့်လူကို ကြည့်လိုက်သည်။
သစ်ပင်တွေခုတ်ဖို့ လွယ်နိုင်လောက်သည်မဟုတ်လား?
သူက တစ်ဖက်လူ၏ပုခုံးကိုပုတ်ကာ...
“အစ်ကိုကြီး...အစ်ကိုကြီးက အရမ်းသန်မာတာကိုသိတယ်မလား...ကျွန်တော့်ကို အစ်ကိုကြီးကပဲ သစ်ပင်တွေခုတ်ပေးပါလားဟင်”
တစ်ဖက်လူ၏လက်ဖဝါးမှ အနွေးဓာတ်ကြောင့် ရှယ်ယွီပြာယာခတ်သွား၏။ ခဏချင်းမှာပင် သူဖြေလိုက်သည်။
“ကောင်းပြီလေ”
ကျင်းကျန်းမြန်က ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
နေရာက အိမ်ဆောက်ရန် မသင့်တော်ပေ။
သူကပြောလိုက်သည်။