အပိုင်း(၇) ကိုယ်ရောင်ကိုယ်ဝါတွေဖြင့် ရောက်ချလာသော ကြောင်ကတိုး
“အား ငါ့လက်တွေတုန်နေတာ သနားဖို့တောင် ကောင်းလာပြီ”
ရစ်ငှက်ရင်အုံသားကို ဘေးချလိုက်သည်နှင့် ဘယ်ကမှန်းမသိသည့် အမည်မသိ သတ္တဝါတစ်ကောင်က ရုတ်တရက်ကြီးဆိုသလိုပဲ ပေါ်လာလေ၏။
ဝိုး ခန္ဓာကိုယ်တစ်ခုလုံး လင်းလက်နေတဲ့ ဒီရောင်ဝါတွေက ဘာလဲဟ။
ကျင်းကျန်းမြန်က ထိုသူ့ကို ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ကလေးကြီးတစ်ယောက်ဟုတောင် ထင်လိုက်မိတော့မလိုပင်။
သေချာကြည့်ကြည့်လိုက်တော့မှ အဝါရောင်တောက်တောက် ကြောင်လေးတစ်ကောင်ဖြစ်နေ၏။
ကြောင်လေး၏ ပါးစပ်ထဲတွင်တော့ မတိုင်မီကမှ ဘေးကို ပစ်ထုတ်လိုက်သော ရစ်ငှက် ရင်အုံသားကို ကိုက်ထားပြီး လျှင်မြန်စွာပြေးထွက်သွားလေ၏။
ကျင်းကျန်းမြန်နှင့် ရှယ်ယွီမှာ ဆွံ့အ မှင်သက်မိသွားကြလေတော့သည်။
အနှီကြောင်ပေါက်က ဘယ်ကနေများ ရုတ်တရက်ကြီး ပေါ်ထွက်လာရပါသလဲ။ သူပေါ်လာတာက တစ်လောကလုံးကိုတောင် လင်းလက်တောက်ပ စေသည်လား။
“ကျွန်တော် ထင်ယောင်ထင်မှားတွေများ ဖြစ်နေတာလား”ကျင်းကျန်းမြန်က ကြောင်တောင်တောင် ဖြစ်နေရာမှ အယောင်ယောင် အမှားမှားဖြင့် မေးလိုက်မိသည်။
ရှယ်ယွီ : “သိပ်အရေးမကြီးပါဘူး စိတ်ထဲအဲ့လောက် ထားမနေနဲ့”
“အာ...”
ပြီးနောက် နှစ်ယောက်သားမှာ ဘာမျှ ဆက်၍ စဥ်းစားမနေတော့ပဲ အစားပဲဆက်စားနေလိုက်ကြ၏။
စားသောက်ပြီးနောက် သူတို့ နေထိုင်ရန် အိမ်ကိုဆောက်လုပ်ဖို့ ဆက်လုပ်ကြရသည်။
ရှယ်ယွီက သစ်ပင်တွေခုတ်၊ ကျောက်တုံးတွေ သယ်လာပြီး အိမ်ဆောက်မည့် မြေနေရာတွင် စုပုံထားလိုက်သည်။
ကျင်းကျန်းမြန်လည်း ဇယ်ဆက်သလို အလုပ်လုပ်နေပြီး မကြာခင် မောဟိုက်လာလေတော့၏။
ထိုအချိန် သူ့အရှေ့တွင် တစ်စုံတစ်ခုက ရုတ်တရက်ကြီး ပေါ်လာသည့်အတွက် အရမ်းလန့်ဖျန့်သွားသည့်အတွက် ကယောင်ကတမ်းဖြင့်လက်ထဲက ကျောက်တုံးနှင့် ထုရန် မြှောက်ချလိုက်သည်။
ကြောင်ကတိုးလေးမှာလည်း သူ့ဘဝလေး အဆုံးမသန်စေရန်အတွက် အလျင်အမြန် တားဆီးလိုက်ရသည်။
“နေပါဦး နေပါဦး ကြောင်ကတိုးလေးတစ်ကောင်ရဲ့ အသက်ကိုတော့ ချမ်းသာပေးပါနော်”
ကျင်းကျန်းမြန်ရဲ့ ရွယ်ထားသည့်လက်က အဆိုပါ တားမြစ်သံကြောင့် တန့်သွားခဲ့သည်။