" လူတွေအုံနေကြတာ ဘာလဲ မသိဘူး ၊ သွားကြည့်ကြမယ် "
ဟာအိုက သူ့လက်ကိုဆွဲပြီး လူတွေကြားထဲ တိုးဝှေ့ခေါ်သွားသည်။ အမှန်က ပြိုင်ပွဲတစ်ခုလုပ်နေတာ ၊ ကြိုက်တဲ့သူဝင်ပြိုင်လို့ရသည်။ ချစ်သူစုံတွဲတွေအတွက်ဆို ပိုမှန်ပေလိမ့်မည်။ ပြိုင်ပွဲကရိုးရိုးလေး ၊ ကိုယ့်ကောင်မလေးကို ချီထားပြီး squatပုံစံထိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်တဲ့အတွဲက အနိုင်ရမည်။ ဆုအနေနဲ့ကတော့ လူတစ်ရပ်စာရှိတဲ့ အဝါရောင်ဝက်ဝံရုပ်ကြီးကို ရမည်ဖြစ်သည်။ ဟန်ဘင်းလည်း စိတ်ကူးပေါက်ပေါက်နဲ့ စာရင်းပေးလိုက်တော့
" ဟန်ဘင်း ဘာတွေအရူးထနေတာလဲ ၊ မင်းနိုင်မှာလည်း မဟုတ်ဘဲနဲ့ "
" ကိုယ့်ကောင်လေးကို မယုံဘူးလား "
" မယုံပါဘူး ၊ ကိုယ့်ကို ဘယ်လောက်ကြာကြာချီနိုင်မှာလဲ "
ဟန်ဘင်း နှုတ်ခမ်းတွန်ရုံပြုံးလျက် ဟာအို့ကို ကောက်ပွေ့လိုက်သည်။ ကိုယ့်ကောင်လေးကို အထင်သေးနေတာ ၊ တွေ့ကြသေးတာပေါ့။
" ဝိုး "
" အား ! မိုက်တယ်ဟေး "
ဟာအို့ကို သူပွေ့လိုက်တော့ လူအုပ်ကြီးထံမှ အာမေဋိတ်သံတွေ ညံစီသွားသည်။ ကောင်မလေးတွေရဲ့ အော်သံကအဆိုးဆုံးပင်။ ဟန်ဘင်းတို့အပါအဝင် ပြိုင်ပွဲဝင်ငါးတွဲရှိသည်။ ကျန်တဲ့အတွဲတွေလည်း အသင့်နေရာယူကြလိုက်သည်။ ဟာအိုက သူနဲ့ယှဉ်ရင် ခန္ဓာကိုယ်အချိုးအစားကသိပ်မကွာလှလို့ ဖြစ်ပါ့မလားလို့ တွေးပူနေကြသူတွေလည်းရှိသည်။
" ဖြစ် ...ဖြစ်ပါ့မလား "
ပြုတ်ကျမှာတွေးပူပြီး ဘေဘီအသံတွေတောင်တုန်နေသည်။
" ဒီကောင် ဘယ်လောက်အားသန်လဲ မင်းသိပါတယ် "
ဒီတစ်ခါတော့ ဘာမှမပြောတော့ဘဲ ဦးထုပ်ကို မျက်နှာလုံအောင်ဆွဲချလိုက်ကာ ဟန်ဘင်းရင်ခွင်ထဲ သူ့မျက်နှာလေးကို ဝှက်ထားသည်။ ပြိုင်ပွဲအချိန်စမှတ်ပြီ။
ပထမတစ်မိနစ်မှာတင် တစ်တွဲကအရှုံးပေးသွားသည်။ နောက်ထပ်နှစ်တွဲကပါ လက်လျှော့သွားတော့ စင်ပေါ်မှာ ဟန်ဘင်းတို့နဲ့ ကျန်တစ်တွဲသာကျန်တော့သည်။ ဟန်ဘင်းလက်တွေနဲ့ ခြေသလုံးတွေ ထုံကျင်နေပေမယ့်လည်း အရှုံးမပေးချင်သေး။ ဟာအို့ကို သူလွှတ်မချလိုက်နိုင်ပါ။ ထုံကျင်နေတာတွေသက်သာအောင် သူ့ရင်ဘတ်ကို ဖိကပ်ထားတဲ့ နှုတ်ခမ်းသားလေးတွေကိုပဲ အာရုံလွှဲထားလိုက်တော့သည်။