| အပိုင်း ၁ |
အစစ အရာရာ စိတ်ကူးယဥ်အိပ်မက်ဆန်တဲ့ ဖေဖော်ဝါရီလဟာ နှုတ်ဆက်တော့မည်ဖြစ်ပြီး မကြာခင် နွေဦး ရောက်လာတော့မည်။ အပြာရောင် အမှုန်လေးတွေ စုနေသကဲ့သို့ နုနုလေး ခြယ်သထားတဲ့ ကောင်းကင်၊ ပုံစံအမျိုးမျိုး ဖော်ဆောင်နေကြတဲ့ ဖြူဖြူဖွေးဖွေး မိုးတိမ်တွေ၊ အလေ့ကျ ပေါက်လေ့ရှိတဲ့ ဆောင်းပန်းကလေးတို့နှင့် တစ်ဖန် ခွဲခွာရတော့မည်။ အလွမ်းဓာတ်ခံပြီး အလှတရားနဲ့ ယှဉ်တွဲနေသည့် ၂လပိုင်းဟာ အဝေးကို ထွက်သွားတဲ့ ကိုယ်ချစ်ရတဲ့လူ တစ်ဖန်ပြန်အလာကို စောင့်မျှော်နေရတဲ့ ခံစားချက်နှင့်တူ၏။
တောင်တန်းတွေ နောက်ခံနှင့် မျက်စိတစ်ဆုံး မြင်နေရတဲ့ လိမ္မော်ခြံကြီးဟာလည်း ဆောင်းဦးနေခြည်သွန်းခကာ မြင်ရသည်မှာ အိပ်မက်ဆန်၍ ဝါးခမောက် ကိုယ်စီဖြင့် ကြိမ်ခြင်းလွယ်ရင်း လိမ္မော်သီး ခူးနေကြသော လုပ်သားများရှိပြီး တောင်ပေါ်ဒေသ အလှကို ဖြူစင်စွာ တိုးရစ် ပုံဖော်နေသည်။
ဖြူဖြူဖွေးဖွေး လက်ချောင်းလေးများသည် ပင်မြင့်ပိုင်းက လိမ္မော်သီးကို ခူးယူဖို့ ကြိုးစားနေလေသည်။ မို့ရဲနေတဲ့ မျက်နှာပြင်ဟာ ရာသီဥတုကြောင့်လို့ ကောက်ချက်ချနိုင်ပြီး၊ လိမ္မော်သီး အပြည့်နီးပါးရှိတဲ့ ကြိမ်ခြင်းကို လွယ်ထားရသည့် အလေးချိန်၊ မမှီ့တမှီဖြင့် ခြေဖျားထောက် ခူးခပ်ရန် ကြိုးစားနေရတဲ့အဖြစ်နဲ့ပေါင်းကာ သူ၏ ပုံစံဟာ အများမြင်ဖို့အတွက် တော်တော်လေး ကို့ရို့ကားယား ဖြစ်နေချိန်ခိုက် နောက်ကျောကို လိမ္မော်သီးနှင့် ပစ်ပေါက်ခံလိုက်ရသည်။
‘အာ့!’
ရုတ်တရက် ပစ်ပေါက်ခံလိုက်ရတာကြောင့် လိမ္မော်သီးခူးမဲ့ အရေးကိုရပ်ပြီး မျက်မှောင်ကျုံ့ကာ နောက်ကို လှည့်ကြည့်လိုက်တော့ သူ့နောက်ကျောကို လိမ္မော်သီးနဲ့ ပစ်ပေါက်တဲ့သူက သူ ခန့်မှန်းထားတဲ့အတိုင်း ထိုလူ စင်စစ် ဟုတ်ပေစွ။
ဒင်းက သုံးဘီး ဆိုင်ကယ်ပေါ်မှာ အခန့်စားနဲ့။
‘ရောင်ခြည်!’