| အပိုင်း ၂ |
‘ဘယ်တွေ သွားနေတာလဲ’
ခုလေးတင်မှ ရေချိုးခေါင်းလျှော်လာပုံရပြီး ခေါင်းမှာ သဘတ် တစ်ထည်နဲ့ ရောင်ခြည်ဟာ အခန်းတံခါး တွန်းဖွင့်လိုက်ချင်းပင် ကုတင်ပေါ်တွင် စာအုပ် အချို့ကို ကြည့်နေသော စိုင်းခမ်းကို မေးလာသည်။
‘ကိုကြီး ၀င်းထွန်းဆီက စာအုပ် သွားတောင်းတာ’
စိုင်းခမ်းဟာ ရောင်ခြည်ကို ပြန်လှန်းမကြည့်။ သူ့ လက်ထဲက စာအုပ်ထူထူတွေကိုပဲ သဘောတကျ ကြည့်နေ၏။
‘ဘာစာအုပ်တွေလဲ’
လက်တစ်ဖက်က ခေါင်းကိုသုတ်နေရင်းနဲ့ ရောင်ခြည် သူ့ကုတင်မှာ ၀င်ထိုင်လိုက်ပြီး စိုင်းခမ်းကို ကြည့်လာပုံမှာ ကြောင်တောင်တောင် မျက်လုံးလေးတွေနှင့်။
‘ဆယ်တန်း ဖတ်စာအုပ်တွေ’
‘တောင်းပြီးတော့ ဘာလုပ်မလို့လဲ’
သည်တစ်ကြိမ် မေးခွန်းတွင်တော့ စိုင်းခမ်းဟာ သူ့မှာ စဉ်းစားထားတာတွေ အများကြီး ရှိသလိုမျိုး အပြုံးချိုချိုလေးနဲ့ ရောင်ခြည်ဘက် လှည့်လာလေသည်။
‘ရွာထိပ်က ဘုန်းကြီးကျောင်းမှာ ပြည်မကြီးက ပြောင်းလာတဲ့ ဆရာမလေး ဦးစီးပြီး ၁၀တန်း ပညာဒါန ဖွင့်ပေးမယ်ဆိုပြီး ကြားတယ်၊ အဲ့တာ သွားတက်မလို့၊ မင်းရော တက်လေ စာအုပ် အတူကြည့်လို့ရတယ်။ မာသာကြီးကိုလည်း ပြောပြီးပြီ၊ တက်ချင်ရင်တက်တဲ့’
ရှင်းပြလာသည်မှာ အားကျိုးမာန်တက် အပြည့်။ သို့သော်လည်း စိုင်းခမ်း၏ အပြောကို ကြားပြီးသည့်အခါ၌ မယုံကြည်နိုင်စရာကောင်းတဲ့ သတင်းတစ်ခုခုကို ကြားလိုက်ရသလိုမျိုး ရောင်ခြည် ခန္ဓာကိုယ်ပင် နည်းနည်းနောက်ဆုတ်သွားသည်။
‘ပေါက်ပေါက်ရှာရှာ မတက်ပါဘူး’
ကြောက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ကို ကမ်းလှမ်းလာသလိုမျိုး အတင်းရော အခါရော ငြင်းလိုက်သည်။
ရောင်ခြည်ဟာ စာကို မနှစ်သက်ဘူး။ ဂေဟာကနေ ကျောင်းစိမ်းနဲ့ ထွက်သွားပေမဲ့ ကျောင်းမသွားဘဲ နောင်နောင်နဲ့အတူ တစ်နေရာရာကိုသွားပြီး ဆော်လေးတွေ ကြည့်လိုက်၊ ပိုက်ဆံလေး နည်းနည်းရှိရင် ၀ယ်လို့ရဝာာလေး ၀ယ်ပြီး ဝေခွဲမျှစားပဲ။