| အပိုင်း ၅ |
ပညာသင်ကြားရေး ဆရာဖြစ်ဖို့ စိတ်ကူးမရှိပေမဲ့ ဆရာ-ဆရာမ အလုပ်သည် အင်မတန်မှ ခက်ခဲတယ်လို့ ထင်ပါသည်။ မနက်ခင်း စောစောထ ချက်ပြုတ်ပြီးရင် ကျောင်းကိုအမှီလာရသည်။ ကျောင်းရောက်ရင် ကျောင်းသားစစ်ပြီး အတန်းတက် စရင်း ကောက်ရသည်။ စာသင်ဖို့အတွက် ညဘက်မှာ စာကြိုကြည့်ရသည်။
စာမေးပွဲကျင်းပလျှင် အခန်းစောင့်၊ စာအုပ်သိမ်း၊ အမှတ်ခြစ်၊ အဆင့်ဖြည့်နှင့် ရာထူးကြီး ဆရာမများ ခိုင်းတာလည်းလုပ်ရနဲ့ စစ်ဆေးရေး၀င်လျှင် ပိုလို့ အလုပ်ရှုပ်ရသည်။ ဂျူတီလည်းစောင့်ရ၊ ဒီကြားထဲ စာမေးပွဲကျတဲ့ ကျောင်းသားတွေ၊ စကားနားမထောင်တဲ့ ကျောင်းသားတွေ၊ သမီးရည်းစား ကိစ္စတွေ၊ ကျောင်းသားတွေ ရန်ဖြစ်ကြလို့ အတန်းပိုင်လိုက်ပြီး ရှင်းရတဲ့ ကိစ္စမျိုးတွေ အစုံပါပဲ။ စာသင်ရင် စကားများကြတဲ့ အုပ်စုကလည်း ရှိပါသေး။
ဘယ်အလုပ်ကမှ လွယ်ကူမနေပေမဲ့ ဆရာအလုပ်ကတော့ တခြား အလုပ်တွေထက် ပိုပြီး စိတ်ရှည်ရတယ်လို့ ထင်မိသည်။ ရောင်ခြည်လို စာတစ်စက်မှ မရတဲ့ ကျောင်းသားတွေကလည်း ခေါင်းကိုက်စရာ တစ်ခုပေါ့။
ကျောင်းတက်လာတဲ့တစ်သက် အလေလိုက်၊ စာလည်း စိတ်မ၀င်စား ၁၀တန်း တက်ဖို့အတွက် ဘာအခြေခံမှ မပါလာတဲ့ ရောင်ခြည်ကို စာသင်ရတာ လွယ်ကူမနေပါ။ ဒင်းက ၁၂ အလီတောင် ဖြောင့်အောင်ရတာ မဟုတ်ဘူးလေ။ ကျူရှင်လာတက်တော့လည်း သူများတွေလို စဖွင့်တဲ့ ရက်ထဲက ဦးဦးရရ လာတက်ခဲ့တာမဟုတ်။ သုံးပတ်လောက် နောက်ကျပြီးမှ ဆိုင်းမဆင့်ဘုံမဆင့် လာတက်တာ။
စာသင်ပေးတဲ့ ဆရာမလေးကတော့ စာသင်သက်တစ်လျှောက် ကျောင်းသားပေါင်းစုံ တွေ့ခဲ့ဖူးလို့ ရောင်ခြည်ကို အတတ်နိုင်ဆုံး နားလည်အောင် ရှင်းပြပြီး သင်ပေးရှာပါတယ်။
အခုလည်း ဆရာမလေး chemistry ရှင်းပြနေတာကို ဘောပင်အဖုံးကိုက်ပြီး နားထောင်နေပါလေရဲ့။ ခေါင်းတညိမ့်ညိမ့်၊ မျက်လုံး အရွှဲကြီးတွေနှင့် မသိရင် စာကြိုးစားတဲ့ ကျောင်းသားပေါ့။ ဒါပေမဲ့ စာရလား မေးရင်တော့ တစ်စက်လေးမှ မရပါဘူး။